Friday, January 30, 2015

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းသော်လည်း ထိရောက်မှု မရှိသေး

တင်ထက်ပိုင်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရ ဌာနဆိုင်ရာများက ဖြေရှင်းမှုများ ပြုလုပ် နေသော်လည်း ထိရောက်မှုမရှိ၍ ပြေလည်မှု မရှိသေးကြောင်း မြို့တွင်း သွားလာနေသူများက ပြောဆိုကြသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) စသည့် အဖွဲ့အစည်းများအပြင် ဂျပန် အပြည်ပြည် ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများဖြင့်လည်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့တွင်း ဘတ်စ်ကားသီးသန့် မောင်းနှင်ရမည့် မျဉ်းဝါလမ်းကြောင်းများကို လမ်းညာဘက်ခြမ်း တွင် ရေးဆွဲခြင်း၊ အနော်ရထာလမ်းတလျှောက် မျဉ်းဝါများအစား ဘလောက်တုံးများချခြင်း၊ အချို့နေရာများတွင် ခေတ်မီ မီးပွိုင့် စနစ်များ ပြောင်းလဲတပ်ဆင်ခြင်း စသည်တို့ ပြုလုပ်ခဲ့သော်လည်း မြို့အချက်အချာ လမ်းမများရှိ ယာဉ်ကြောပိတ်ဆို့မှုများမှာ သိသိ သာသာ လျော့ကျသွားခြင်း မရှိသေးကြောင်း လမ်းအသုံးပြုသူများက ပြောသည်။

အနော်ရထာလမ်းမပေါ်တွင် ဘတ်စ်ကားလိုင်းများအတွက် ဘလောက်တုံးများဖြင့် လမ်းကြောသီးသန့် ကန့်သတ်လိုက်ပြီးနောက် ယာဉ်ကြောစီးဆင်းမှု ယခင်ထက် ပိုမိုနှေးကွေးသွားသည် ဆိုသော ဝေဖန်မှုများလည်း ရှိနေသည်။

အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ဒုတိယ ရဲမှုးကြီး လင်းထွဋ္ဋ်က“ကားမောင်းနေတဲ့သူ တဦးတယောက်ချင်းစီကလည်း ယာဉ်စည်းကမ်း လိုက်နာနေဖို့ လိုပါတယ်။ ဒီလမ်းတွေပေါ်မှာ စည်းကမ်းတွေ ကောင်းသွားအောင် ကျနော်တို့က ဘလောက်တုံး တွေ ချပြီးတော့ ယာဉ်ကြောတွေ ဒီဘက်က လိုင်းကား၊ ဒီဘက်ကတော့ တခြားကားတွေ သွားဖို့ဆိုပြီး ကန့်သတ်လိုက်တာပါ”ဟု ဧရာဝတီ သို့ ပြောသည်။

အငှားယာဉ်မောင်း တဦးဖြစ်သည့် ကိုကျော်ကျော်ဝင်းက “ကားမောင်းရတာ မြို့ထဲကို ဝင်ကို မဝင်ချင်တာ။ ဝင်လိုက်တာနဲ့ ရှေ့တိုး၊ နောက်ဆုတ်ခက်တဲ့ ဘဝနဲ့ ပိုက်ဆံလည်း ပိုမရ၊ ဆီဖိုးလည်း ထိုင်နေရင်းကို ကုန်ရော။ ထူးခြားလာတယ်လို့လည်း မခံစားရဘူး။ စီမံကိန်းတွေ လုပ်ရင် တနေ့တနေ့ ကားတွေ ပြုံတိုးနေတဲ့ မြို့ထဲနေရာကို အဓိက ဦးစားပေးလုပ်ရင် ကောင်းမှာပဲ”ဟု ပြောပြသည်။

သို့သော်လည်း ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံတွင်မူ JICA ၏ အကူအညီဖြင့် အလိုအလျောက်စနစ် မီးပွိုင့်များကို ပြောင်းလဲ တပ်ဆင် ခဲ့ရာ ယင်းလမ်းဆုံ ပတ်ဝန်းကျင်ရှိ ယာဉ်ကြောပိတ်ဆို့မှုများကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်ဟု အမှတ်(၁၅) မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးစိုးနိုင်ထံမှ သိရှိရသည်။

ရန်ကုန်၏ ယာဉ်ကြော ပိတ်ဆို့မှုနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် JICA က ရန်ကုန်မြို့ပြ လမ်းပန်း ဆက်သွယ်ရေး ပင်မစီမံကိန်း(YUTRA) ကို ၂၀၃၅ ခုနှစ်အထိချိန်ရွယ် ရေးဆွဲပေးထားရာ လက်ရှိ ရထားသံလမ်းများ၊ ရထားတွဲများ၊ ဘူတာရုံများနှင့် ပြေးဆွဲမှုစနစ်တို့ကို အဆင့်မြှင့် ဆောင်ရွက်ပေးခြင်း၊ သီးသန့် မော်တော်ယာဉ် လမ်းကြောင်း ပြေးဆွဲမှု(BRT) စနစ် ကျင့်သုံးခြင်း၊ လက်ရှိ အခြေခံ အဆောက်အအုံများကို အသုံးချ၍ ယဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချပေးနိုင်မည့် လမ်းပေါ် ကားရပ် နားမှုများကို ကန့်သတ်ခြင်း၊ လူသွားလမ်းများကို ထိန်းသိမ်းပေးခြင်းတို့အပြင် အလိုအလျောက်စနစ် မီးပွိုင့်များ တပ်ဆင်ခြင်း စသည့် အခန်းကဏ္ဍ အသီးသီးကို ဖော်ပြရေးဆွဲပေး ထားသည်။

ရန်ကုန်မြို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေမှု၊ လျှပ်စစ်မီး စသည့် မြို့ပြ ဖွံဖြိုးရေး စီမံကိန်းများအနက် လမ်းပန်း ဆက် သွယ်ရေး ပိုမိုကောင်းမွန်ရန် ဆောင်ရွက်ရေးသည် မြန်မြန်ဆန်ဆန် ကိုင်တွယ်ရမည့် ကဏ္ဍတခု ဖြစ်သည်ဟု JICA ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲက မှတ်ချက်ပြုသည်။

လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် အလျင်အမြန် ကိုင်တွယ် မဖြေရှင်းနိုင်ပါက ၂၀၃၅ ခုနှစ်တွင် ကားတစီး၏ ပျမ်းမျှ မောင်းနိုင်စွမ်းသည် တနာရီလျှင် ၅ မိုင်နှုန်းသာ ရှိတော့မည်ဟု JICA က ခန့်မှန်း တွက်ချက်ထားသည်။

JICA ၏ သုတေသန ပြုလုပ်ချက်များအရ ရန်ကုန်မြို့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး စနစ်ကို အသုံးပြုကြသူများ ဖြစ်ကြောင်း၊ ယင်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဘတ်စ်ကား အသုံးပြုသူများဖြစ်ပြီး ရထားအသုံးပြုကြသူများသည် ၁ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း JICA ၏ သုတေသနအရ သိရှိရသည်။

No comments: