Friday, January 30, 2015

ရန်ကုန်တွင် ပုဂ္ဂလိကပိုင် အသေးစားစက်မှု ဥယျာဉ် တည်ထောင်မည်

ဘုန်းမြတ်

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မလစ်ကျေးရွာ အနီး မြေဧက ၄၀၀ ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစားစက်မှု ဥယျာဉ် တခု တည်ထောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီစီမံကိန်းက တို့အစိုးရအဖွဲ့လက်ထက်မှာတော့ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ချင်တဲ့သူတွေ အတွက် ရည်ရွယ်ပြီး ကိုယ်တို့ အစိုးရအဖွဲ့က ဦးဆောင် လုပ်ပေးတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဧရာဝတီသို့ ပြောသည်။

ယင်းစီမံကိန်းကို တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ပြီး တင်ဒါ လုပ်ကိုင်ရရှိခွင့်သူများအနေဖြင့် မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် သက်ဆိုင်ရာပြည်တွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

တင်ဒါ လျှောက်လွှာကို ဇန်န၀ါရီ ၂၆ ရက်မှ စတင်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် တစုံလျှင် ကျပ် ၅ သောင်းဖြင့် ရောင်းချပေးနေ ကြောင်း၊ တင်ဒါ တင်သွင်းမှု အာမခံအဖြစ် ကျပ် သိန်း ၁ ထောင် ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ဘဏ်စာရင်းသို့ ကြိုတင် ပေးသွင်း ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အသေးစား စက်မှုဥယျာဉ် အကောင်အထည် ဖော်ရေးနှင့်ပတ်သက်ပြီး လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ဒီလိုဆောင်ရွက်တာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာနိုင်တယ်။ ဒါပေမယ့် တကယ်အောင်မြင်ဖို့လိုတယ်။ အရင်ကတော့ လုပ်ဖူးတာရှိတယ်။ မအောင်မြင်ဘူး။ စက်မှုဇုန်တွေ တည်ပြီးမှ မရောင်းရတာတွေလည်း ရှိတယ်’’ဟု ပြောသည်။

စက်မှုဇုန်တည်ထောင်ခြင်းမှာ ပုဂ္ဂိလက လုပ်ငန်းရှင်များအတွက် အရင်းအနှီးကြီးမားခြင်းကြောင့် သေချာတွက်ချက်ပြီးမှသာ လုပ်ဆောင် ရမည့် လုပ်ငန်းဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များ ကလည်း ပြောသည်။

“စက်မှုဇုန်တခုတည်ဖို့ဆိုတာ အရင်းအနှီးက အရမ်းကြီးတယ်။ တင်ဒါရပြီး ကိုယ်တွေကဆောက်ပြီး မရောင်းရတာတွေရှိတယ်။ ဒီလိုဆို လုပ်ငန်းရှင်တွေက အရမ်းနစ်နာတယ်။ စက်မှုဇုန်တည်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ရေ၊ လျှပ်စစ်မီး၊ သဘာဝ ပတ်ဝန်း ကျင် အကြောင်းတွေပါ အကုန် စဉ်းစားရတာ”ဟု စက်မှုဇုန် လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

စီမံကိန်းအတွက် တင်ဒါ အောင်မြင်သူများသည် လုံလောက်သည့် ငွေကြေး အရင်းအနှီးရှိရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အနေဖြင့် ချေးငွေအာမခံပေးခြင်းကို တာဝန်ယူပေးမည် မဟုတ်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင် အသေးစားစက်မှု ဥယျာဉ်လုပ်ကိုင်လိုသူများအနေဖြင့် တင်ဒါတင်သွင်းမှုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နောက်ဆုံး ထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်သွင်းရမည်ဖြစ်သည်။

အဆိုပါ ပုဂ္ဂလိကပိုင် အသေးစားစက်မှု ဥယျာဉ် တည်ထောင်မှုကို ဒဂုံမြို့သစ် မြို့နယ် မလစ်ကျေးရွာအနီး ကွင်းအမှတ် (၁၁၀၄) ဦးပိုင်အမှတ် (၇) ၊ ကွင်းအမှတ် (၁၁၀၅/ခ) ဦးပိုင်အမှတ် (၁၅)၊ ကွင်းအမှတ် (၁၁၆၀) ဦးပိုင် အမှတ် (၁၁၀၈/က) ဦးပိုင်အမှတ် (၅)ရှိ မြေဧက ၄၀၀ ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

No comments: