Thursday, January 29, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးမည်

အေးနိုင်

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီကြပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးမှာ ကျင်းပတဲ့ သမ္မတရုံးရဲ့ လက်တွေ့ကျသော ပညာရေးမြှင့် တင်မှုကော်မတီတွေ နဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ နေပြည်တော် ဆွေးနွေး ပွဲမှာ သဘောတူညီချက်ကို ဆွေးနွေးကြတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေနဲ့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်နဲ့နှစ်ဦးတို့ ပူးတွဲလက်မှတ်ရေး ထိုးကြပါတယ်။

သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ဗဟိုဦးစီးချုပ်ကိုင်မှုလျော့ချရေး၊ ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်တင်ရေးအပါအ၀င် အချက် ၁၁ ချက်ကိုလည်း ဆွေးနွေးကြဖို့ အစိုးရဘက်က သဘောတူညီခဲ့ကြသလို ကျောင်းသားတွေဘက်ကလည်း ဆွေးနွေးပွဲစတင်တဲ့ရက်မှာ သပိတ်ရပ်နားဖို့ သဘောတူညီခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲတက်ရောက်တဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က “အဓိကက ကျမတို့လိုချင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပေါ့။ အဓိကက ကျမတို့ကို ပြဋ္ဌာန်းမယ့် ပညာရေးဥပဒေကို ရေးဆွဲတဲ့နေရာမှာ၊ ပြင်ဆင်တဲ့နေရာမှာ ကျမတို့ ကျောင်းသားတွေရဲ့သံက ကျယ်ကျယ်လောင်လောင် ပါလာတာပေါ့နော်။ အဲဒါကို နားလည်လက်ခံဖို့၊ ပြင်ဆင်ဖို့ သဘောတူညီချက်ရတာက ကျမတို့အတွက် ဒါက ကျမတို့တောင်းဆိုတဲ့အချက်တွေ အများစု။ နောက် ကျမတို့ တောင်းဆိုတဲ့အချက် (၁၁) ချက်ပေါ်မှာလည်း မူအားဖြင့် သဘောတူတယ်။ ဆွေးနွေးမယ်၊ အဖြေတခုထွက်တဲ့အထိ ဆွေးနွေးမယ်ဆိုတာမျိုး ရတယ်ဆိုတာက ကျမတို့အတွက် ဒါက အောင်မြင်တယ်လို့ ကျမတို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အစိုးရဘက်က ဦးဆောင်ဆွေးနွေးသူ ၀န်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအောင်မြင်တယ်လို့ ပြောပါတယ်။

သူက “ဆွေးနွေးပွဲအစကနေ အဆုံးအထိ အတိုက်အခံပြုပြီးဆွေးနွေးရတာ တချက်မှ မပါဘူး။ တကယ်ကို ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးပွဲဟာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ကျောင်းသားတွေဘက်က ဗကသများအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (မြေလတ်) နဲ့ တကသ က ကျောင်းသားကျောင်းသူ ၁၀ ဦး တက်ရောက် ဆွေးနွေးပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေး ဒုဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးပါတယ်။

ဒီကနေ့ နှစ်ဘက်သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးက “နှစ်ဘက်ညှိနှိုင်းပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည်နဲ့ ဖြေရှင်းသွားတယ်လို့ပဲ ကျနော်မြင်တယ်လေ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် နိုင်ငံတော်သမ္မတဦးသိန်းစိန် သုံးသုံးနေတဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်လိုက်နိုင်တယ်လို့ ယူဆမယ်ဆို ယူဆလို့ရပါတယ်” လို့ ပြောပါတယ်။

ကျောင်းသားတွေဘက်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မနှစ် နိုဝင်ဘာလကစပြီး ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ အစိုးရကို ကမ်းလှမ်းခဲ့ပြီး အစိုးရဘက်က မတုံ့ပြန်တာကြောင့် သပိတ်တိုက်ပွဲဆင်ပြီး တောင်းဆိုချက်အရှိန်မြှင့်ခဲ့ပါတယ်။ မနေ့ကတော့ အစိုးရက ပညာရေးဆိုင်ရာ ညွှန်ချုပ်အဆင့်တာဝန်ရှိသူတွေကို သပိတ်စစ်ကြောင်းဆီ စေလွှတ်ကမ်းလှမ်းဆွေးနွေးပြီး ဒီကနေ့ နေပြည်တော်မှာ ဆွေးနွေးသဘောတူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက “တဖက်နဲ့တဖက် ဒီမိုကရေစီစနစ်ရဲ့သဘောတရားအရ ဆွေးနွေးညှိနှိုင်းတာ ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ ဒီလိုမျိုး ဆွေးနွေးမှသာ အောင်မြင်မှာခင်ဗျ။ တယောက်နဲ့တယောက် မတွေ့ဘဲနဲ့ အငြင်းပွားနေမယ်ဆို ကျနော်တို့ အမျိုးသားပညာရေးဥပဒေ ဘယ်လိုမှ ပြင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကြောင့် ပခုက္ကူမြို့က သပိတ်မှောက်ကျောင်းသားတွေက ဒီကနေ့မွန်းလွဲ ညောင်းဦးဘက်ကနေ ရန်ကုန်ကိုထွက်မယ့် သူတို့ရဲ့ သပိတ်စစ်ကြောင်းကို ခေတ္တရပ်နားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်မြို့က သပိတ်မှောက်ကျောင်းသားတွေကလည်း သူတို့အနေနဲ့ နေပြည်တော်ဆွေးနွေးပွဲရလဒ်ကြောင့် ဆန္ဒပြမှုကို ခေတ္တရပ်နားထားမှာဖြစ်ကြောင်းနဲ့ သပိတ်ကို လှန်လိုက်တာတော့မဟုတ်ကြောင်း ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကျောင်သားတွေ ချီတက်သပိတ်မှောက်ခဲ့ကြပြီးနောက် သမ္မတက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ လွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ခဲ့သလို လွှတ်တော်ကလည်း အစိုးရက ပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ သမ္မတကို ပြန်လည်သ၀ဏ်လွှာပို့ဆောင်ခဲ့ပါသေးတယ်။

No comments: