Saturday, January 31, 2015

ဆွေသဟာ အစီအစဉ်သုံးသူ သုံးသန်းကျော်အထိရှိ

မောင်မန်း

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဖုန်းခေါ်ဆိုခ လျှော့ချပေးမည့် ဆွေသဟာ ဝန်ဆောင်မှု အစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့သော်လည်း အသုံးပြုသူ သုံးသန်း ကျော်အထိ ရှိနေပြီဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

''ဇန်နဝါရီ ၂၅ ရက်အထိ စာရင်းတွေအရ ဆွေသဟာအသုံးပြုသူ သုံးသန်းကျော်အထိ ရှိနေပါတယ်'' ဟု ၎င်းက ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးသည့် ဆွေသဟာ အစီအစဉ်မှ ပြန်လည်ထွက်ခွာပါက အင်တာနက် ဝန်ဆောင်မှု ပိတ်ခြင်းများ ဖြစ်ခဲ့သဖြင့် အသုံးပြုသူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။

အင်တာနက်ဝန်ဆောင်မှု ပိတ်သွားခြင်းအတွက် အော်ပရေတာနံပါတ် ၁ဝ၆ သို့ ဆက်သွယ်ပြီး ဝန်ဆောင်မှု ပြန်ဖွင့်ပေးရန် တောင်းဆိုနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တာဝန်ရှိသူများက ပြောသည်။

ဆွေသဟာ အစီအစဉ်တွင် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှင့် မက်ဆေ့ခ်ျ တစ်စောင်လျှင် ၁၅ ကျပ်နှုန်းသို့ လျှော့ချထားသော်လည်း အင်တာနက်အသုံးပြုမှု ပမာဏအလိုက် ကောက်ခံတော့သည့် ပုံစံသို့ ပြောင်းလဲထားပြီး 1MB လျှင် ၁၅ ကျပ်နှုန်း ကောက်ခံခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေး ဖုန်းအသုံးပြုသူ ကိုဇော်အေးမောင်က ''ဖုန်းပြောခ လျှော့ပေမယ့် အင်တာနက်မှာ ပြန်ပြီးဈေးကြီးယူထားတယ်။ ဖုန်းပြောခ လျှော့တယ်ဆိုတာကလည်း ပြည်ပ အော်ပရေတာတွေထက် ပိုများနေသေးတယ်။ အဆင်မပြေပါဘူး'' ဟု ဆိုသည်။

ဆွေသဟာ အစီအစဉ်ကို ရယူရန် "SWE" ၁၃၃၂ သို့ မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုကို ယခင်ကဲ့သို့ ကျပ်တစ်သောင်း ပေးဆောင်ရန်မလိုဘဲ စတင်ရရှိမည်ဖြစ်သည်။ ဆွေသဟာဝန်ဆောင် မှုရယူပြီး မူလအတိုင်း ဝန်ဆောင်မှု ပြန်လည်ရယူလိုပါကလည်း ၁၃၃၂ သို့ "UNSUBSWE" ဟု မက်ဆေ့ခ်ျပေးပို့ပြီး မူလအတိုင်း တစ်မိနစ်ခေါ်ဆိုခ ကျပ် ၅ဝ နှင့် အင်တာနက် အသုံးပြုသည့်အချိန်အလိုက် ကောက်ခံသည့် စနစ်ဖြင့် ဝန်ဆောင်မှု ပြန်လည်ရယူနိုင်မည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) ၏ စီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဇန်နဝါရီ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

No comments: