Tuesday, July 26, 2016

လှိုင်သာယာဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ရန် နေ့တိုင်းကြိုးစားနေဟု ဝန်ကြီးချုပ် ဆို

မျိုးသူအောင်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုံများကိုအဆင့်မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နေ့တိုင်းကြိုးစားနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ဇူလိုင်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းရေး ရှေ့ပြေးလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဆင်းရဲမှုကို ပြုပြင်ပြောင်းလဲလိုက်နိုင်မှ ကျူးကျော် ပြဿနာပဲ ဖြစ်ဖြစ်၊ ရာဇဝတ်မှု ပြဿနာပဲ ဖြစ်ဖြစ် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လှိုင်သာယာမှာ စက်မှုဇုံတွေကို အဆင့်မြှင့်တင်ပြီး လှိုင်သာယာဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က နေ့တိုင်းကြိုးစားနေပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့ပြင် လျှပ်စစ်မီးလုံလောက်စွာရရှိရန်၊ အမှုက်သိမ်းစနစ်များ ကောင်းမွန်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာရန်နှင့် ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက်ကိုလည်း နေ့စဉ် ပြင်ဆင်နေသည့်ဟုလည်း ၎င်းကဆိုသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်အတွင်း ဆောင်ရွက်ခဲ့သည့် မှုခင်းကျဆင်းရေး လုပ်ငန်းများနှင့် ထပ်တိုးလုပ်ဆောင်မည့် (၈)မြို့နယ်အတွင်း မှုခင်းကျဆင်းရေး ရှေ့ပြေးလုပ်ငန်းစဉ်များ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအ၀င် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်
ဝင်းနိုင်က ရှင်းလင်း တင်ပြခဲ့သည်။

ယင်းသို့ တင်ပြရာတွင် တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကို ကဏ္ဍအလိုက် ဆာင်ရွက်နိုင် မည် ဟု ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားခဲ့သည်။

"ပြည်တွင်း လုံခြုံရေးကိစ္စတွေကို အပြည့်အဝ ဆောင်ရွက်နိုင်မှ အုပ်ချုပ်ရေးပိုင်းရဲ့ လုပ်ငန်းများ လည်ပတ်မှု ကောင်းမွန်မှာဖြစ်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမွန်မှုရှိမှသာ တရားဥပဒေစိုးမိုးရေး အကောင်ထည် ဖော်ဆောင်ရွက်ရာမှာ အောင်မြင်လာမှာဖြစ်ပြီးတော့ တရားဥပဒေစိုးမိုးရေးရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကဏ္ဍအလိုက် အကောင်ထည်ဖော်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုံခြုံရေး အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားရှိနေပါတယ်"ဟု ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄)ခရိုင်တွင် လှိုင်သာယာ၊ ကမာရွတ်၊ သန်လျင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် မှုခင်းကျင်းဆင်းရေးလုပ်ငန်းများ ရှေးဦးစွာ ဆောင်ရွက်ခဲ့ပြီး သြဂုတ်လ (၁)ရက်မှစတင်ကာ သာကေတမြိုကနယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ထပ်တိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments: