နေရီရီ
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ မြန်မာနိုင်ငံ အရပ်သားအစိုးရရဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ပါ။ အမှန်အတိုင်းပြောရရင် သမ္မတကြီးဦးထင်ကျော်ကို ဓာတ်ပုံတွေထဲမှာ တွေ့ဖူးပေမယ့် သတိမထားမိပါဘူး။ အန်အယ်လ်ဒီရဲ့ သမ္မတလောင်းအဖြစ် နာမည်ထွက်လာတဲ့ အခါမှာတော့ ကျမအပါအဝင် အားလုံးက သမ္မတကြီးဖြစ်လာမယ့် ဦးထင်ကျော်ကို စပြီး သတိထားမိလာ စိတ်ဝင်စားလာခဲ့ကြပြီး ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကြောင်းအရာတွေကို ပြည်သူတွေ သိလာကြပါတော့တယ်။ မြန်မာနိုင်ငံရဲ့ စာပေသမိုင်းမှာ ကျေးဇူးကြီးမားတဲ့ မြန်မာ့စာဆို၊ ကဗျာဝိဒူ ဆရာကြီး မင်းသုဝဏ် (၁၉၉၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲ၊ အန်အယ်လ်ဒီ ရွေးကောက်ခံ ကိုယ်စားလှယ်၊ ကမာရွတ်မြို့နယ်) ရဲ့သား၊ အန်အယ်လ်ဒီရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးလွင်ရဲ့ သားသမက်၊ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ရဲ့ခင်ပွန်း ဆိုတာတွေအပြင် ကိုယ်တိုင်ကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ တာဝန်ယူ ဆောင်ရွက်နေပြီး နိုင်ငံတကာမှာ ပညာသင်ကြားခဲ့တဲ့ ပညာတတ်စစ်စစ်ဆိုတာကို ပြည်သူတွေ သိလာခဲ့ရပါတယ်။
အဲဒါအပြင် သမ္မတကြီး ဦးထင်ကျော်ဟာ ဒလဘန်း ကလောင်နာမည်နဲ့ ဆောင်းပါးတွေရေးနေတဲ့ စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ သမ္မတကြီး ဦးထင်ကျော်နဲ့ ပတ်သက်ပြီး စာအုပ်တချို့ ထွက်ထားပါတယ်။ အခုအချိန်ထိတော့ ကျမသိသလောက် “အဘ ဘဝ၊ အဘ အကြောင်း တစေ့တစောင်း” ဆိုတဲ့ စာအုပ်ရယ်၊ “မြန်မာနိုင်ငံ၏ ၉ ဦးမြောက်နှင့် ၅၄ နှစ်အတွင်း ပထမဆုံး အရပ်သားသမ္မတ ဦးထင်ကျော်” ဆိုတဲ့ စာအုပ်ရယ် “သူတို့ဆုံတွေ့ခဲ့ဖူးသော သမ္မတကြီး ဦးထင်ကျော်” ဆိုတဲ့ စာအုပ်တွေပါ။ “အဘ ဘဝ၊ အဘ အကြောင်း တစေ့တစောင်း” စာအုပ်ကတော့ သမ္မတကြီးကိုယ်တိုင် ဒလဘန်း ကလောင်နဲ့ သူ့ရဲ့ဖခင် ဆရာကြီး မင်းသုဝဏ်အကြောင်း ရေးထားတဲ့ စာအုပ်ပါ။ ကျမ အခုပြောချင်တာကလည်း သမ္မတကြီးရဲ့ ကလောင် ဒလဘန်းအကြောင်း ဖြစ်ပါတယ်။ ဒီစာကို ရေးရတာကလည်း ကျမတို့ ပြည်သူတွေ အမှန်တကယ် ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကြီးရဲ့ (သမ္မတအဖြစ်) ပထမဆုံး ကြုံရတဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လို့ရော သမ္မတကြီး နှစ်သက်တဲ့ ကလောင်နာမည် အကြောင်းကို ပြည်သူတွေ သိစေချင်တဲ့အတွက်ရော ရေးရတာပါ။
သမ္မတကြီး ဦးထင်ကျော်ရဲ့ ကလောင်ဖြစ်တဲ့ ဒလဘန်းနဲ့ ပတ်သက်ပြီး အမျိုးမျိုးဖတ်ရ၊ ကြားရပါတယ်။ ဒီကလောင်ဟာ အရင်က ဆရာကြီးမင်းသုဝဏ် ရေးခဲ့တဲ့ ကလောင်တခုဖြစ်တယ် ဆိုတာရယ်၊ စာရေးဖို့ ကလောင်နာမည် ပေးခါနီးမှာ ဇနီးဖြစ်တဲ့ ဒေါ်စုစုလွင်က သတိပေးလို့ ဒီနာမည် ပေးဖြစ်တဲ့အကြောင်း….. စသဖြင့် ဖတ်ရပါတယ်။ “အဘ ဘဝ၊ အဘအကြောင်း တစေ့တစောင်း” စာအုပ်ကို ဖတ်ကြည့်တဲ့အခါမှာ စာရေးသူရဲ့ အမှာစာ၊ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ အမှာစာတွေ အပါအဝင် ဆောင်းပါး ၃၂ ပုဒ် ပါဝင်တာ တွေ့ရပါတယ်။ ဒီစာအုပ်ကို ဆရာပြည်သွေးနိုင်ရဲ့ ခေတ်ပြတိုက် စာအုပ်တိုက်က ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့တာပါ။ အခု ‘အဘ၏ကြည့်ချစ်ပန်း’ နဲ့ ‘အဘပေးခဲ့သည့်အမွေ’ ဆောင်းပါး ၂ ပုဒ်ကို ဖြည့်ပြီး ဒုတိယအကြိမ်အဖြစ် သမ္မတကြီးရဲ့ အမျိုးတွေဖြစ်တဲ့ နဝဒေးစာပေက ဖြန့်ချိထားပါတယ်။ အရင်ဆုံး အမှာစာတွေ ဖတ်ကြည့်ပြီး စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တဲ့ ခေါင်းစဉ်တွေကို ရွေးဖတ်ပါတယ်။ အဲ့ဒီမှာ ကျမ အရင်ဆုံးဖတ်ဖို့ ရွေးလိုက်တာက “အဘသာ သိမယ်ဆိုရင်” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေကတော့ ဆရာဒလဘန်း (သမ္မတကြီး) ဟာ သူ့ဖခင်ဆီက အဖိုးမဖြတ်နိုင်တဲ့ အမွေတွေ ရလိုက်ပါတယ်။ အဲ့ဒါတွေကတော့ အရွယ်အစားမျိုးစုံနဲ့ နေ့စဉ်မှတ်တမ်း ၄၀ လောက်ပါ။ အဲ့ဒီထဲက တအုပ်ကို ဆရာဒလဘန်းက ဖတ်ကြည့်ရင်းနဲ့ တနေရာမှာ 20-7-46, 5.30 AM, ဒလဘန်းရက်ချုပ်ဆိုပြီး ရေးထားတာကို တွေ့လိုက်ပါတယ်။ (သမ္မတကြီး ဒါမှမဟုတ် ဆရာဒလဘန်းရဲ့ ငယ်နာမည်ဟာ မောင်ပိုလို့ သူကိုယ်တိုင်ရော တော်တော်များများကရော သိထားကြပါတယ်) အဲ့ဒီမှာ ဆရာဒလဘန်းက စိတ်ဝင်စားသွားပါတယ်။ အကြောင်းကတော့ သူ့ရဲ့မွေးနေ့ မွေးတဲ့အချိန် ဖြစ်နေလို့ပါ။ အဲ့ဒါနဲ့ သူ့အမေကိုမေးရင်များ သိနိုင်မလားလို့ ဆရာဒလဘန်းက တွေးမိပါတယ်။
မိခင်ဖြစ်သူဟာ ဆရာကြီးမင်းသုဝဏ် ဆုံးပြီးတည်းက အိပ်ရာထဲမှာပဲ လှဲနေတဲ့အချိန်က များပါတယ်။ အဲ့ဒီလိုနဲ့ ဆရာက သူသိချင်တဲ့အကြောင်းကို အမေဖြစ်သူကို မေးလိုက်ပါတယ်။ “ငယ်နာမည် မောင်ပို အပြင် တခြားနာမည်ပေးဖူးလား အမေ” ဆိုတော့ အသက် ၈၀ ကျော်နေတဲ့ အမေက သတိမရ။ “ဒလဘန်းလို့များ ခေါ်ခဲ့ဖူးသေးလား အမေ” လို့ မေးတော့လည်း လိုချင်တဲ့အဖြေ မရခဲ့။ အဲ့ဒါနဲ့ ဆရာဒလဘန်းတယောက် သူသိချင်နေတဲ့အရာကို သိရဖို့ တခြား နေ့စဉ်မှတ်တမ်းတွေကို လိုက်ရှာရပါတော့တယ်။ တရက်မှာတော့ လက်တ၀ါးသာသာ အရွယ်ရှိတဲ့ Pocket Calendar Book လို့ အဖုံးမှာ ရိုက်နှိပ်ထားတဲ့ မှတ်တမ်းစာအုပ်ကို ဖတ်ဖို့ ထုတ်ယူလိုက်ပါတယ်။ မိသားစုဝင်တွေရဲ့ အချက်အလက်တွေ ရေးထားတဲ့ကြားမှာ (သမ္မတကြီး ဦးထင်ကျော်) ဆရာဒလဘန်း လိုချင်နေတဲ့ သိချင်နေတဲ့ အဖြေကို ရသွားပါတော့တယ်။
ဆရာကြီး မင်းသုဝဏ်ရဲ့ လက်ရေးနဲ့ “20-7-46 .. ၁၃၀၈ ခု၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ စနေနေ့။ နံနက် ၅ နာရီခွဲ၊ ပြည်ကျောင်းဆောင်တွင် ဒေါက်တာမဖေ့ အကူအညီနှင့် ဒလဘန်းကိုမွေးသည်” ဆိုတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့ “ဘယ်နေ့မှာ ဒလဘန်း စမှောက်တယ်၊ ထိုင်စပြုတယ်၊ လေးဘက်သွားတယ်”၊ စသဖြင့်လည်း ရေးမှတ်ထားတာကို ဖတ်လိုက်ရပါတယ်။ အဲဒါအပြီးမှာတော့ အားလုံးသိကြတဲ့ ငယ်နာမည် မောင်ပို အမည်ကို စသုံးတာကို အခုလို တွေ့ရပါတယ်။ “တော်သလင်းလဆန်း ၁၃ (28-8-47) ၅တေး (ကြာသပတေး) နေ့တွင် ငပို လမ်းအများကြီး စလျှောက်သည်” တဲ့။ မွေးစက သားဖြစ်သူကို မွန်နာမည်ပေးခဲ့ပြီး အသက်တနှစ်နဲ့ တလလောက် အကြာမှသာ မောင်ပိုဆိုတဲ့ ငယ်နာမည် စပေးခဲ့တယ်ဆိုတာ ဒီဆောင်းပါးဖတ်ပြီး သိလိုက်ရပါတယ်။ ဒီဆောင်းပါးလေးဖတ်မိပြီး နိုင်ငံ့ခေါင်းဆောင် သမ္မတကြီးရဲ့ ငယ်နာမည်အကြောင်း ကလောင်နာမည်အကြောင်း မသိရသေးတဲ့သူတွေ သိရအောင်လို့ ရေးချင်လာတာနဲ့ ဖတ်ထားတာလေးကို မျှဝေပေးတဲ့သဘော ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ တခြား စိတ်ဝင်စားစရာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အတ္ထုပ္ပတ္တိ၊ လူပုဂ္ဂိုလ်တွေရဲ့ ဘဝအကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖြစ်တဲ့အတိုင်း ဒီစာအုပ်မှာလည်း ဆရာကြီး မင်းသုဝဏ်ရဲ့ ခေတ်ပြိုင်မိတ်ဆွေ စာဆိုတွေရဲ့အကြောင်း၊ စာပေအကြောင်းအရာ…….. စတဲ့အကြောင်းအရာတွေ အများကြီး ပါပါတယ်။ နောက်ပိုင်း အချိန်ရရင်တော့ ဒီထဲက ကျမစိတ်ဝင်စားတဲ့ ဆရာကြီးရဲ့ ကဗျာဖြစ်တဲ့ “မောင်လေးရေ ထပါတော့၊ ရောင်နီလာပါတော့”….. အစချီထားတဲ့ “ပန်းသည်” ကဗျာ.. အဲဒီကနေမှ အားလုံးသိကြတဲ့ “တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းတွေ ဖြစ်လာတဲ့အကြောင်းတွေလည်း ရေးပါဦးမယ်။ အခုတော့ ဒီစာစုလေးနဲ့ပဲ ကျမတို့ ပြည်သူတွေ လေးစားချစ်ခင်ရတဲ့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် (သို့) စာရေးဆရာ ဒလဘန်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ၊ ပြည်သူတွေက လေးစားချစ်ခင်ရတဲ့ သမ္မတကြီးအဖြစ် အသက်ရာကျော် ရှည်ပါစေလို့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

No comments:
Post a Comment