ထက်နိုင်ဇော်
မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို Blacklist စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက မီဒီယာများသို့ ပြောသည်။
ဝန်ကြီး ဦးသိန်းဆွေက သူ၏ရုံးတွင် သြဂုတ်လ ၃ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Blacklist စာရင်း အသွင်းခံထားရသည့် မြန်မာနိုင်ငံသား ၄၄၃ ဦး၊ နိုင်ငံခြားသား ၃၉၃၇ ဦးတို့အနက်မှ အထူးသဖြင့် နိုင်ငံရေးအရ Blacklist အသွင်းခံထား ရသူများကို ၀န်ကြီးဌာန ၁၅ ခုက စိစစ်၍ ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံသားတွေကိုလည်း အမည်မည်းစာရင်းက ဖြေလျှော့ဖို့အတွက်ကို အားလုံး အဆင့်ဆင့် စိစစ်ခဲ့တယ်။ အထူးသဖြင့် နိုင်ငံရေးအရ အမည်မည်းစာရင်း သွင်းထားတဲ့ ပုဂ္ဂိုလ်အားလုံးတို့ကို ဖြေလျှော့ပေးချင်တာ ဖြစ်တယ်”ဟု ဦးသိန်းဆွေက မီဒီယာများသို့ ပြောသည်။
Blacklist စာရင်း အသွင်းခံထားရသည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာများနှင့် အိမ်ထောင်ကျနေသည့် နိုင်ငံခြားသားများ အပေါ်တွင်လည်း လူမှုရေးကိစ္စများကို ထောက်ရှု့၍ ဆက်လက် ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း သိရသည်။
သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီးမှ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ဦးမောင်မောင်ဝမ်း ကိစ္စမှာလည်း ၄င်းသည် သတ်မှတ်ထား သည့် Blacklist စာရင်းတွင် ပါနေသေးသဖြင့် လေဆိပ်ဝန်ထမ်းများက လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လိုက်ရခြင်း ဖြစ်ကြောင်း၊ သို့သော် သူပြန်ထွက်ခွာ သွားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပြန်လည် စိစစ်ရာတွင် ဖြေလျှော့ပေးမည့် စာရင်းထဲတွင် ဦးမောင်မောင်ဝမ်း ပါနေသဖြင့် တခါတည်း ဖြေလျှော့စာရင်းထဲတွင် ပါရှိသည်ဟု ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။
“မနေ့က မနက်ပိုင်းကမှ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကော်မတီ အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဲဒီမှာ တင်ပြပြီးတော့မှ အဲဒီမှာ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတွေလည်း ပါတယ်။ အဲဒီ အစည်းအဝေးမှာ တင်ပြလိုက်တော့ မှတ်တမ်းအဖြစ် ထားရှိပြီးတော့မှ တရားဝင် ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝမ်း ကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးက ရှင်းပြသည်။
Blacklist စာရင်းတွင် နိုင်ငံခြားသားများစွာ ကျန်ရှိနေရခြင်းမှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်မှ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသူများ၊ နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ပတ်သက်နေကြသူများနှင့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်နေသူများ ဖြစ်နေသောကြောင့် ဖြစ်ကြောင်း သိရသည်။
“သူတို့ကို နိုင်ငံတကာအနေနဲ့ Blacklist သွင်းပေးထားပါလို့ သတ်မှတ်ထားတဲ့အတွက် သူတို့ကိုတော့ ဖြေလျှော့ပေးလို့ မရဘူး။ နိုင်ငံကူး လက်မှတ်တွေကို လည်း Blacklist သွင်းထားရတယ်။ ၄၈၀၀ ကျော် ရှိပါတယ်။ နိုင်ငံကူး လက်မှတ်တွေနဲ့ အတုလုပ်ပြီးတော့မှ မသမာတဲ့သူတွေ ၀င်ရောက် မလာနိုင်ဖို့အတွက်ကို နိုင်ငံတကာတွေမှာ ဒါတွေကို Blacklist သွင်းထားရပါတယ်” ဟု ၀န်ကြီးဦးသိန်းဆွေက ပြောသည်။

No comments:
Post a Comment