Friday, August 5, 2016

နာဂဒေသတွင် အမည်မဖော်နိုင်သည့် ရောဂါဖြင့် ကလေးငယ် ၃၈ ဦး သေဆုံး

နန်းဆိုင်နွမ်


စစ်ကိုင်းတိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အမည်မဖော်နိုင်သည့် ရောဂါဖြင့် နှစ်လအတွင်း ကလေးငယ် ၃၈ ဦး သေဆုံးခဲ့ပြီး စိုးရိမ်ဖွယ်ရှိနေသည့် ကလေးများရှိနေကြောင်း သိရသည်။

ကလေးငယ်များ သေဆုံးမှုသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျန်းမာရေး ဝန်ထမ်းများကို စေလွှတ်ပို့ဆောင်နေကြောင်း နာဂ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် (လူမှု)မှ ဦးကာစီရန်းက ဧရာဝတီကို ပြောသည်။

ဦးကာစီရန်းက “မျက်လုံးတွေ နီတာတွေ၊ အရေပြားမှာ အရည်ကြည်ဖု ထွက်တာတွေ သွေးနည်းနည်း အန်တာတွေ ဖြစ် တယ်။ အများဆုံးက လပိုင်းနဲ့ ၁၈ နှစ်အောက် ကလေးတွေ သေဆုံးတာများတယ်။ အသက်ကြီးသူတွေ နည်းတယ်။ စိုးရိမ်ရတဲ့သူတွေတော့ ရှိသေးတယ်”ဟုလည်း ပြောပြသည်။

ဖြစ်ပွားနေသည့် ရောဂါလက္ခဏာကို ပြင်းထန်း အဆုတ်ရောင်ရောဂါဟု ခန့်မှန်း ပြောဆိုနေသော်လည်း ရောဂါအမည် ဖော်နိုင်ရန် ရောဂါဖြစ်ပွားနေသည့် ကလေးများ၏ ဆီးနှင့်သွေးများကို ရန်ကုန်ဆေးရုံ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေး သွားမည်ဖြစ်ကြောင်း နာဂ ဦးစီးအဖွဲ့က ပြောသည်။

အမည်မဖော်နိုင်သည့် ရောဂါသည် လဟယ်မြို့နယ်ရှိ ကျေးရွာ ၅ ရွာနှင့် နန်းယွန်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာတွင် ဖြစ်ပွား နေပြီး ထိုရောဂါသည် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့ကာ ကလေးငယ် ၃၈ ဦး သေဆုံးခဲ့ကြောင်းနှင့် ဇူလိုင်လကုန်ပိုင်း မှသာ ထိုရောဂါ ဖြစ်ပွားနေသည်ကို အစိုးရတာဝန်ရှိသူများက ကြားသိခဲ့ရသည်ဟု နာဂဦးစီး အဖွဲ့ဝင်များက ပြောသည်။

လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးယုံလော်က “အစတော့ ခါတိုင်းလို ဖျားတယ်လို့ ထင်ကြ တယ်။ မျက်လုံးတွေနီ အရေပြားမှာ အဖုတွေ ထွက်လာတယ်။ သွေးတွေ အန်တယ်။ နောက်ပိုင်းကျမှ လူသေတာ များလာ တယ်။ လူကြီးရော ကလေးရော ဖြစ်ကြတယ်။ ကလေးတွေက ခံနိုင်ရည်အားမရှိလို့ သေဆုံးတာ များတာပါ။ ဒါမျိုးတခါမှ မဖြစ်ဖူးဘူး”ဟု ဧရာဝတီကို ပြောသည်။

ထိုရောဂါဖြစ်ပွားရခြင်းသည် တကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းနှင့် လူနေမှုဘဝ နိမ့်ကျခြင်း ကြောင့် ဖြစ်နိုင်ပြီး ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်သဖြင့် ဆန်စပါး စိုက်ပျိုးမှု ခက်ခဲကာ စပါးအထွက်နှုန်း လျော့ နည်းပြီး အစာငတ်ပြတ်မှုများဖြင့် ကြုံတွေ့နေရသည်ဟု ဦးလော်ယုံက ဆက်ပြောသည်။

ရောဂါဖြစ်ပွားနေသည့် ကျေးရွာများသည် သွားလာရန် ခက်ခဲကြောင်းနှင့် လဟယ်မြို့နယ်မှ ရောဂါဖြစ်ပွားနေသည့် ကျေးရွာ များသို့ သွားရောက်ဆေးကုပါက တရွာကို တရက်နှုန်းခန့် သွားရကြောင်းနှင့် မိုးရွာသွန်းပါက သွားလာရန် ခက်ခဲ သည့် နေရာများ ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မော်ကလည်း “ကျနော်တို့ နန်းယွန်းမြို့နယ်မှာ စားဖို့ ဆန်တွေ မရှိဘူး။ ကလေးတွေကို အစာကောင်းကောင်း မကျွေးနိုင်တော့ သစ်ဥသစ်မြစ်တွေပဲ စားနေရတာ။ ငှက်ဖျား၊ တုပ်ကွေး ဖြစ် လာတဲ့အခါမှာ ကလေးတွေက ခံနိုင်ရည် မရှိဘူး။ ဒါကြောင့် သေဆုံးမှု များနေတယ်”ဟု ဧရာဝတီကို ပြော သည်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ဆန်များ လှူဒါန်းထားသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် နန်းယွန်းမြို့သို့ မရောက်ရှိသေးကြောင်းလည်း ဦးစိန်မော်က ဆိုသည်။

စစ်ကိုင်းတိုင်း ကျန်းမာရေးအဖွဲ့နှင့် တိုင်းဆရာဝန်များကို ရွာဘက်သို့ ပို့ဆောင်ထားပြီး ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေ အနေ ရှိနေကြောင်းနှင့် နေမကောင်းထပ်မံဖြစ်ပွားနေသည့် ကလေး ၃၀ ခန့် ရှိသေးကြောင်း နာဂဦးစီးအဖွဲ့ လက်ထောက် ညွန်ကြားရေးမှူး ဦးသိန်းဇော်က ဧရာဝတီကို ပြောသည်။

နာဂဒေသသည် မြန်မာပြည် အနောက်မြောက်ပိုင်း အစွန်းတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေးသည် တနေရာနှင့် တနေရာ သွားလာရန် ခက်ခဲပြီး ဖွံ့ဖြိုးမှု အလွန်နည်းသည့် ဒေသတခု ဖြစ်သည်။

No comments: