Saturday, August 6, 2016

ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ ပန်းမြောင်းသို့ မူလတန်းကျောင်းဆောင် လှူဒါန်း

ကောင်းမြတ်နိုင်(မောင်တော)


ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) (R.N.S.W.O) က ၊ မင်းပြားမြို့နယ် ပန်းမြောင်းမြို့တွင် လိုအပ်နေသော မူလတန်းကျောင်း ကျောင်းဆောင်သစ် တစ်ဆောင်အား သြဂုတ်လ ၄ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်၌ ယင်းနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ကို တည်ထောင်သူ ဦးကုမာရ (ခ) ဦးဇင်းဘီလူးက “ဦးဇင်းတို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပညာရေးမြှင့်တင်ပေးဖို့လိုပါတယ်။ ပညာရေးမြှင့်တင်ဖို့ဆိုရာမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေဟာလည်း မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုပါ။ ဒါ့ကြောင့် ဒီကနေ့ ရခိုင်ပြည်နယ်ပညာရေးမြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ဒီကျောင်းဆောင်သစ်ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်”ဟု လှူဒါန်းရသည့်အကြောင်းအရင်းနှင့်စပ်လျဉ်း၍ နိရဉ္စရာ သတင်းဌာသို့မိန့်ကြားသည်။

ကျောင်းဆောင်သစ်မှာ အမေရိကန်ဒေါ်လာ သုံးသောင်းတန်ဖိုးရှိကာ အသင့်သုံး Modular House အမျိုးအစားဖြစ်ပြီး အနံ(၁၈)ပေ၊ အလျားပေ(၉၀)ရှိကြောင်း သိရသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းလက်ခံခဲ့သည့် ပန်းမြောင်း လူမှုကူညီရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌက ” ကျနော်တို့ ပန်းမြောင်း မူလတန်းကျောင်းဆောင်ဟောင်းဟာ ဟောင်းနွမ်းပျက်စီးနေတဲ့အချိန်မျိုးမှာ အခုလို ကျောင်းဆောင်သစ်လှူဒါန်းတဲ့အတွက် အလိုတော်ပြည့်ဆရာတော်ကြီးနဲ့တကွ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေး အသင်းသားတွေ၊ တပည့် ဒကာ- ဒကာမတွေ အားလုံးကို ပန်းမြောင်းဒေသခံတွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)သည် အလိုတော်ပြည့်ဆရာတော်ကြီး၏ သြဝါဒကိုခံယူကာ လူမှုအကျိုးပြုလုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ပြုလုပ်နေကြောင်း သိရသည်။

No comments: