Monday, August 8, 2016

အစိုးရဆိုင်းငံ့အမိန့်​ ပြည်သူ့စစ်​​​ကျော​ထောက်​​နောက်​ခံပြု ရန်​ကုန်​အထပ်​မြင့်​ ဆောက်လုပ်ရေး အာခံ

ကျော်ဖြိုးသာ


ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် လက်ရှိ ရှမ်းပြည်နယ် ပြည်သူ့စစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် ရန်ကုန်အထပ်မြင့်အဆောက်အအုံ ဆောာက်လုပ်ရေးလုပ်ငန်းတခုသည် စည်ပင်သာယာရေး ကော်မတီ ၏ ဆိုင်းငံ့ရန်အမိန့်ကို အာခံပြီး ဆက်လက် ဆောက်လုပ်နေခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်မှ မီတာ ၁၀၀ မျှပင်မဝေးသောနေရာတွင် တည်ရှိသော တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၇၄ မှ ထို ၁၂ ထပ်ခွဲအဆောက်အအုံစီမံကိန်းကို ခေတ္တ ရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဇန်နဝါရီလတွင် ပထမအကြိမ် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရပ်ဆိုင်းထားရန် အမိန့်၏ အကြောင်းရင်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုအပ်သော ခွင့်ပြုချက်မရှိခြင်း၊ ဆောက်လုပ်ရေး စည်းမျဉ်းများ မလိုက်နာခြင်း နှင့် ရွှေတောင်ကြား ၁ ရပ်ကွက်တွင် ၄၂ ပေထက်မြင့်သော အဆောက်အအုံ ဆောက်လုပ်ခြင်းကို ကန့်ကွက်သော ရပ်ရွာလူထုတို့ ကြောင့်ဖြစ်သည်။ “အခါခါ ရပ်ခိုင်းတာ မရပ်လို့ တရားစွဲထားပါတယ်။ ဒါပေမယ့် သူတို့က ဒဏ်ငွေဆောင်ပြီး ဆက်ဆောက်နေတယ်။ တနင်္လာနေ့ (သြဂုတ် ၁) အထိကို ဆက်ဆောက်နေတာ တွေ့ခဲ့ရပါတယ်” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက သြဂုတ်လ ၄ ရက်နေ့က ပြောသည်။

ထိုစီမံကိန်းကို မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့တခုဖြစ်သော ပန်းဆေးပြည်သူ့စစ်ဥက္ကဌ ဦးကျော်မြင့်က ပိုင်ဆိုင်သည်။ ထိုပြည်သူ့စစ်အဖွဲ့ကို လွန်ခဲ့သော နှစ် ၂၀ ခန့်ကထူထောင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် မူဆယ်မြို့တွင် အခြေစိုက်သည်။

ဦးကျော်မြင့်သည် ယခင်အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နမ့်ခမ်းမြို့နယ် ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦး ဖြစ်ခဲ့သည်။ ပလောင်လူမျိုးစု မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလှုပ်ရှားသူများက ၎င်းအား ဘိန်းစိုက်ခင်းဧက ၂၀၀၀၀ ပိုင်သော ပန်ဆေးပြည်သူ့စစ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အဓိက ပါဝင်သူဟု စွပ်စွဲကြသည်။

အမှတ် ၇၄ တက္ကသိုလ် ရိပ်သာလမ်းရှိ အထပ်မြင့်စီမံကိန်းမှာ ယခင်လွှတ်တော်သက်တမ်းအတွင်း ဇန်နဝါရီလက ရပ်ဆိုင်းရန် အဆိုပြုခံရသော ရန်ကုန်မှ စီမံကိန်းနှစ်ခု အနက် တခုဖြစ်သည်။ ထိုအဆိုပြုချက်သည် မဲအများစုဖြင့် အနိုင်ရသော်လည်း ပြည်သူ့လွှတ်တော်က ဖေဖော်ဝါရီလတွင်စတင်မည့် လွှတ်တော်သစ် စဉ်းစားရမည့်ကိစ္စဟု သုံးသပ်ကာ မှတ်တမ်းတင်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အမိန့်များကို မလိုက်နာ သော ကြောင့် ထိုအထပ်မြင့် အဆောက်အုံစီမံကိန်းအတွက် မူအားဖြင့် ခွင့်ပြုချက်ကို လွန်ခဲ့သောလက ရုပ်သိမ်းလိုက်သည်ဟု ဒေါ်လှိုင်မော်ဦးက ပြောသဖြင့် ထိုအဆောက်အအုံမှာ ယခုအချိန်တွင် လုံးဝ တရားမဝင်တော့သည့် အဓိပ္ပာယ် သက်ရောက်နေပါသည်။

“ဇူလိုင်လ ၁၅ ရက်နေ့မှာရပ်မယ်လို့ ကတိပေးပေမယ့် (ပြီးခဲ့တဲ့အပတ်) တနင်္လာနေ့ထိ ဆက်ဆောက်နေတုန်းပဲ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ကပြောသည်။

“ဆက်ပြီး ဆောက်နေသေးရင်တော့ သူတို့ရဲ့အင်ဂျင်နီယာနဲ့ ကန်ထရိုက်တာလိုင်စင်ကို ရုပ်သိမ်းမယ်”ဟု ပြောသည်။

သြဂုတ်လ ၄ နေ့ကမူ ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူသူကင်းမဲ့နေသည်ကို ဧရာဝတီ သတင်းဌာနက တွေ့ခဲ့ရသည်။ အပြာရောင်သံပြားများဖြင့် ပိတ်ထားသည့် ဆောက်လုပ်ရေးနယ်မြေအတွင်း အဝါရောင်ဆောက်လုပ်ရေးကရိန်းကြီးမှာလည်း သက်ဝင်ခြင်း မရှိတော့ပေ။ အုတ်မြစ်အတွက် နက်နက်ရှိုင်းရှိုင်း တူးထားသည်ကို တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ အောက်ခြေအဆင့်ကို မကျော်လွန်သေးပေ။

ထိုစီမံကိန်းသည် ၂၀၁၅ ခုနှစ်အစောပိုင်းတွင်လည်း ခွင့်ပြုချက်မရဘဲ မြေစတင်တူးသောကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု တရားစွဲခံရဖူးသည်။

“သူတို့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေ ပုဒ်မ ၆၈ နဲ့ ၆၉ ကို ချိုးဖောက်လို့ ကျနော်တို့က သူတို့ကို ၂၈ သိန်း ဒဏ်ရိုက်တယ်။ ခုထိလည်း ဆက်ချိုးဖောက်နေတုန်းပဲ” ဟု ဗဟန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးဖေသန်းအောင်က ဇန်နဝါရီလ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးခင်လှိုင်က ကျင်းပသည့် အထပ်မြင့်အဆောက်အအုံများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

စည်ပင် ပုဒ်မ ၆၈ အရ စည်ပင်ဥပဒေပါ တားမြစ်ချက် တရပ်ရပ်ကို ဖောက်ဖျက်ကြောင်း (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ဒဏ်ငွေ ၁ သောင်းမှ ၅ သိန်း သို့မဟုတ် ၁ နှစ်အထိရှိသော ထောင်ဒဏ် သို့မဟုတ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ပြီး အပိုဒ် ၆၉ တွင်မူ ပုဒ်မ ၆၈ အရ အရေးယူခြင်းခံရသူသည် အဆိုပါပြဋ္ဌာန်းချက်ကို ဆက်လက်ကျူးလွန် (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်လျှင် ထောင်ဒဏ်တနှစ် သို့မဟုတ် ပျက်ကွက်မှုနေ့အသီးသီး အတွက် နေ့စဉ်ဒဏ်ငွေ ၁ သောင်းမှ ၅ သောင်းကို ပေးဆောင်ရမည်ဖြစ်သည်။

“၂၈ သိန်းက သူတို့အတွက် အလုပ်သမားခလောက်ပဲရှိတာ။ သူတို့က ငါတို့ ဒဏ်ငွေဆောင်နိုင်တယ်၊ ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်နေတယ်။” ဟု ဦးခင်လှိုင်က ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လွန်ခဲ့သောနှစ် သြဂုတ်လကမူ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းမှ ကျောင်းထိုင်ဆရာတော်များအပါအဝင် ထိုစီမံကိန်းအနီးနေထိုင်သူ ၁၀ ဦးတို့က ထို ၁၂ ထပ်ခွဲအဆောက်အအုံ ကို လက်မခံနိုင်ကြောင်း အသီးသီး လက်မှတ်ထိုးပြီး ဦးခင်လှိုင်ထံ တင်ပြခဲ့ကြသည်။ ဆောက်လုပ်သူသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက်ရရန် ပတ်ဝန်းကျင်နေအိမ်များမှ သဘောတူညီချက်တောင်းခံစဉ်က ပိုင်ရှင်ဦးကျော်မြင့် ကိုယ်စားလှယ်က ယင်းအဆောက်အအုံသည် အထပ်မြင့်အဆောက်အအုံဖြစ်ကြောင်း ပြောကြားခြင်းမရှိဟု ကန့်ကွက်သူများက ပြောသည်။

“သူပြောတာက အဲဒါဟာ ဦးကျော်မြင့်မိသားစု အတွက် အဆောက်အအုံတခုလို့ပဲ ပြောပါတယ်။ ဒီတော့ကျုပ်တို့က သဘောတူခဲ့တယ်။ အထပ်မြင့်မှန်းသာသိခဲ့ရင် ကျုပ်တို့သဘောတူကြောင်း လက်မှတ်မထိုးဘူး” ဟု အင်းလျားကန်ဖျား ကျောင်းတိုက်ဆရာတော် အရှင်ဇဝနက မိန့်သည်။

ဆရာတော်က ရပ်ကွက်အတွင်း ရန်ကုန်မြို့တော်စည်ပင်က အဆိုပြုထားသော အမြင့်ဆုံးအဆောက်အအုံဆိုင်ရာ စည်းမျဉ်းက ခွင့်ပြုသည့် ၄ ထပ်ထက်မြင့်သော မည်သည့်အဆောက်အအုံကိုမျှ လက်ခံမည်မဟုတ်ဟု ဆိုသည်။

“ဒီအဆောက်အအုံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကိုအပေါ်က မိုးနေလို့ သူ့လုံခြုံရေးကိုလည်း ခြိမ်းခြောက်နိုင်တယ်”ဟုလည်း ဆရာတော်က မိန့်သည်။

ဇန်နဝါရီလက ပထမအကြိမ် ဆိုင်းငံ့မိန့်အပြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လုပ်နေခဲ့သည်။ မြေတူးလုပ်ငန်းများကို ညဘက်တွင် လပေါင်းများစွာဆက် လုပ်ခဲ့သည်ဟုလည်း ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ကပ်လျှက်ရှိ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် အရှင်ပုညစာရ သြဂုတ်လ ၁ရက်နေ့က ပြောသည်။ ဆူညံသံများကြောင့် ကျောင်းခံဘုန်းကြီး ၂၅ ပါး၏ ညခင်းဝတ်ပြုခြင်းနှင့် တရားထိုင်ခြင်းကို အနှောင့်အယှက်ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

“အနားမှာ ဘုန်းကြီး ကျောင်းတွေရှိတာ သိသင့်တယ်လေ။ တော်တော် မလေးမစား လုပ်တာပဲ” ဟုဆရာတော်က ပြောသည်။

ပြည်သူ့လွှတ်တော်တွင် ထိုစီမံကိန်းရပ်ရန် အဆိုတင်သွင်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေဝင်းမြင့်က ထိုကိစ္စကို နေပြည်တော်တွင်ရှိစဉ် စောင့်ကြည့်နေပြီး ရက်အနည်းငယ်အတွင်း ရန်ကုန်ပြန်ရောက်သောအခါ ဆက်လက်စုံစမ်းမည်ဟု ဆိုသည်။

“လိုအပ်ရင် ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးဖို့ အဆိုတင်မယ်”ဟု ၎င်းက ပြောသည်။

အင်းလျှားကန်ဖျားကျောင်းတိုက်ဆရာတော် အရှင် ဇဝနကမူ အစိုးရသည် အဆိုပါ အထပ်မြင့် စီမံကိန်း အပေါ်အရေးယူရာတွင် မည်သည့်အတွက်ကြောင့် သက်ညှာနေသည်ကို နားမလည်ဟု ဆိုသည်။

“တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ မိုလို့ များလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

“ဥပဒေအတိုင်း တိတိကျဖြစ်စေချင်တယ်” ဟုပြောပြီး “အခုဖြစ်နေတာက ငါတို့မှာ ပိုက်ဆံရှိရင် ငါတို့ ကြိုက်သလိုလုပ်လို့ရတယ် ဆိုပြီး မိမနိုင် ဖမနိုင် ပုံစံဖြစ်နေတယ်” ဟု ပြောသည်။

စီမံကိန်းပိုင်ရှင်ဦးကျော်မြင့်ကို ဧရာဝတီက သြဂုတ်လ ၄ ရက်နေ့တွင် ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပါ။

No comments: