နိရဉ္စရာ၊
၂၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်ပြီး စစ်တွေမြို့ ဂြစ်ဖဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးဆောင်ကျင်းပရာတွင် ပါဝင်သူ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ ဒီမိုကရေစီ ရရှိရေးအတွက် ရုန်းကန်ကြိုးစား လာခဲ့တာ ၂၈ နှစ်ရှိခဲ့ပြီ။ ဒီနှစ် ရှစ်လေးလုံးနေ့က အရပ်သား အစိုးရလက်ထက်မှာ စတင်ပြီ ပြုလုပ်ရတဲ့ အတွက် ပိုပြီး ထူးခြားမှု ရှိသလို လေးနက်မှုလည်း ရှိပါတယ်” ဟု ပြောသည်။
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး သူက “ ရှစ်လေးလုံး အရေးတော်ပုံဆိုတာက စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ အတွက် တစ်နိုင်ငံလုံးမှာ မှာ ဆန္ဒပြကြတဲ့ အတွက် ပေါ်ပေါက်ခဲ့တာပါ။ အဲဒီ ရှစ် လေးလုံးနေ့မှာ ဆိုရင် ရခိုင်မှာလည်း မြို့နယ် ပေါင်းစုံမှာလည်း အကြီးအကျယ် ဆန္ဒပြကန့်ကွက်ကြပါတယ်။ အရေးအခင်းမှာ ရခိုင် တစ်ပြည်နယ် လုံးကလည်း ပါဝင်ခဲ့တဲ့ အတွက် ဒီနေ့ ဒီရက်ကို ရှစ်လေးလုံး အရေးတော်ပုံနေ့ဆိုပြီး ရခိုင်မှာလည်း ကျင်းပတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အခမ်းအနားတွင် ကျဆုံးခဲ့ကြသော ရဲဘော်ရဲဘက်များကို ရည်စူး၍ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ဆွမ်းကပ်အလှူဒါနကိုလည်း ပြုလုပ်ပြီး အမျှ ကုသိုလ် ပေးဝေခဲ့သည်ဟု သိရသည်။ အခမ်းအနားသို့ လူပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment