Monday, August 22, 2016

မြန်မာနိုင်ငံတ၀န်း ဂျပန်ဦးနှောက်ရောင်ရောဂါဖြင့် သေဆုံးသူ ၁၉ ဦးရှိ

dvb

မြန်မာနိုင်ငံတ၀န်း ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၁၉ ရက်ထိ ပြည်နယ်တိုင်းဒေသကြီး ၇ ခုမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၁၇၃ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ အဓိက ရောဂါဖြစ်ပွားတာလို့ ဆိုပါတယ်။ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့် အခုအခါ ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေမှာ ရောဂါကူးစက်ခံရတဲ့ လူနာတွေ ထပ်မံမတွေ့ရှိရတော့ဘဲ ကျန် နေရာတွမှာတော့ ရောဂါဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ Culex tritaeniorhynchus အမျိုးအစားခြင်ကိုက်တာကြောင့် ဖြစ်ပွားတာဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၁၅ နှစ်အောက် ကလေးတွေမှာ ပိုမိုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါရဲ့ အဓိက လက္ခဏာတွေကတော့ ဖျားခြင်း၊ အံခြင်း၊ တက်ခြင်း၊ အချိန် နေရာ မဝေခွဲနိုင်အောင် စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်မေ့မျောခြင်းနဲ့ အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

No comments: