Thursday, August 4, 2016

နမ္မ ကျောက်မီးသွေးတွင်း လုံခြုံရေးတပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ဟု အစီရင်ခံစာ ထုတ်ပြန်

နန်းဆိုင်နွမ်


ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မကျောက်မီးသွေး တူးဖော်သည့်နေရာ၌ လုံခြုံရေး ယူထားသည့် အစိုးရ တပ်မတော်က ဒေသခံကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်၏ သြဂုတ် ၂ ရက် ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်က နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် လုံခြုံရေးယူထားသော အစိုးရ တပ်မတော်က ဒေသခံ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ရွာသား ၁၃ ဦးလည်း မတရား ဖမ်းဆီးခံရပြီး ဝမ်လုံ ကျေးရွာမှ ရွာသူကြီးတဦးလည်း ယနေ့အချိန်အထိ ပျောက်ဆုံးနေကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခွန်မိုင်က ဧရာဝတီကို ပြောသည်။

နမ္မ ကျောက်မီးသွေး တူးဖော်သည့်နေရာတွင် အစိုးရတပ်များဖြစ်သည့် လားရှိုးအခြေစိုက် (ခလရ – ၄၁) ၊ တန့်ယန်း အခြေစိုက် (ခမရ- ၅၂၃)၊ မိုင်းရယ်အခြေစိုက် (ခလရ – ၆၇) နှင့် နမ့်ပေါင့်အခြေစိုက် (ခမရ ၂၉၁) ၊ မန်ပန် ပြည်သူ့စစ် နှင့် လားဟူ ပြည်သူ့စစ်တို့ လုံခြုံရေးယူထားသည့်နေရာဟု စိုင်းခွန်မိုင်က ဆက်ပြောသည်။

“တယောက်က သူရဲ့လယ်အနီးမှာ ပစ်သတ်ခံရတယ်။ တယောက်က ကျောက်တုံးနဲ့ထုပြီး အသတ်ခံရပါတယ်။ အဖမ်းခံ ရတဲ့ ၁၃ ဦးထဲက တချို့ကတော့ အရိုက်ခံရတယ်။ တချို့ကတော့ စစ်သားတွေရဲ့ ပစ္စည်းတွေကို ထမ်းခိုင်းတယ်လို့ ဖမ်းဆီး ခံရပြီး ပြန်လွှတ်လာတဲ့ ရွာသားတွေက ပြောပြပါတယ်”ဟုလည်း စိုင်းခွန်မိုင်က ဆိုသည်။

နမ္မ ကျောက်မီးသွေး တူးဖော်သည့်နေရာတွင် လုံခြုံရေး ယူထားသည့် အစိုးရ တပ်မတော် က ဒေသခံ ၂ဦး သတ်ဖြတ်ခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်းနှင့်ပတ်သတ်ပြီး လက်တလော မသိရှိသေးကြောင်း၊ မကြားမိသေးကြောင်းကို တပ်မတော် ၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်း က ဧရာဝတီသို့ ပြောသည်။

သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် – ၁ ပြည်နယ်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး ကမူ နမ္မကျေးရွာ နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် တပ်က ဒေသခံ ၂ ဦးကို သေနတ်နှင့် ပစ်သတ်ခြင်း၊ ရွာသား များကို အကြောင်းမဲ့ ဖမ်းဆီးခြင်းနှင့် ရွာသားတဦး ပျောက်ဆုံးနေသည့် ကိစ္စကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တိုင်းမှူးထံ စာတင်ထားကြောင်း ပြောပြ သည်။

“ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြီးတော့ ဒေသခံ ၂ ဦး သတ်ခံရတာတွေကို ကျမတို့ ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာလည်း တင်ပြပြီးသလို အခုလာမယ့် ပြည်သူ့လွှတ်တော်မှာလည်း ဆွေးနွေးဖို့ရှိပါတယ်” ဟု ဒေါ်နန်းစမ်းစမ်းအေး က ဆိုသည်။

နမ္မသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးအတွက် အဓိကအရေးပါသည့် နေရာတခုဖြစ်ပြီး ကျောက်မီးသွေး တူးဖော်မှုသည် ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်တူးဖော်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် အဓိက တူးဖော်နေသည့် ကုမ္ပဏီများမှာ ငွေရည်ပုလဲ ကုမ္ပဏီ၊ AA ဘိလပ်မြေ နှင့် ကျားခေါင်း ဘိလပ်မြေ ကုမ္ပဏီတို့ဖြစ်ပြီး ငွေရည်ပုလဲ ကုမ္ပဏီက အများဆုံးတူးဖော်နေကြောင်း သိရသည်။

ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်မှ စိုင်းခွန်မိုင်က “ အခုလက်ရှိတော့ ဝမ်လုံနဲ့ ပိန်းဆိုင်းရွာဘက် ဧက ၃၀ ပျက်စီးနေပြီ။ ခိုနန်းဖဘက်ကို ဆက်တူးမယ်ဆိုရင် လယ်ဧက ၁၀၀ လောက် ပျက်စီးမယ်။ ပျက်စီးဆုံရှုံးသွားတဲ့ လယ်ယာမြေကို တောင်းဆိုတဲ့အခါ ကုမ္ပဏီတွေရော အစိုးရရော ဂရုမစိုက်ဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် ကျောက်မီးသွေး တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီဆုံးရှုံးမှု များလာခြင်း၊ လေထုရေထု ညစ်ညမ်း မှု ကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်လာခြင်း၊ ကျောက်မီးသွေး တူးဖော်မှု တဖြည်းဖြည်း ချဲ့ထွင်လာသည့်အတွက် လူနေအိမ်နှင့် နီးကပ်လာသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် ထုတ်ပြန်ချက်တွင် ဆက် လက် ဖော်ပြထားသည်။

ကျောက်မီးသွေး တူးဖော်မှု ရပ်ဆိုင်းရန်အတွက် ဧပြီလ ၁ ရက်တွင် ရွာသားရာချီ တို့သည် နမ္မ ဘုန်းကြီးကျောင်းတွင် စုဝေးဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“အခု ၃၀ ဧက တူးတယ်။ တခြားကို ဆက်တူးဖို့ ရှိတယ်။ အခုတူးတဲ့နေရာမှာ တွင်းနက်ကြီးတွေ ဖြစ်နေတယ်။ အဲဒီလို ဖြစ် တဲ့ အတွက် အခုလိုမိုးရွာသီးမှာ တောင်ကျရေတွေ လယ်ထဲကောင်းကောင်း မစီးတော့ဘဲ တွင်းနက်ထဲပဲ ဝင်သွားတယ်။ ကျောက်မီးသွေးတူးတဲ့ဟာက ချောင်းထဲ မျောပါတဲ့အတွက် ကျန်းမာရေး ထိခိုက်ပါတယ်။ ဒါကြောင့် ရွာသားတွေ ကန့်ကွက် တာပါ” ဟု ဒေါ်နန်းစမ်းစမ်းအေး က ပြောသည်။

နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ကြား မေလဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ဘေးရှောင် ၁၀၀၀ ကျော် လားရှိုးမြို့ နှင့် သီးပေါမြို့သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်။

ထိုနေရာတွင် SSPP/SSA အခြေစိုက် စခန်းလည်း ရှိသည်။

No comments: