နန်းလွင်နှင်းပွင့်
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ငြိမ်းချမ်းရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး သြဂုတ်လ ၉ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့၌ တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်း ရရှိသည်။
လက်နက်စွန့်ရေး ၊ မစွန့်ရေး ကိစ္စ အပါအဝင် ၂၁ ရာစုပင်လုံ ညီလာခံတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပါဝင်နိုင်ရေး များကို ဆွေးနွေးရန် ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ တို့က ဧရာဝတီကို ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ TNLA နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ဖြစ်သည်။
TNLA ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြီးခဲ့သည့် ရက်သတ္တပတ်က ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက MNDAA ၊ TNLA နှင့် AA တို့ကို လက်နက်စွန့်ပါသည် ဟူသည့် စာထုတ်ပြန်ရန် မလိုတော့ဘဲ ငြိမ်းချမ်းရေးတွင် ပါဝင်နိုင် ကြောင်း သတင်းမီဒီယာ တချို့ကို ပြောဆိုခဲ့ခြင်း နှင့် ပတ်သက်ပြီး ဟုတ် မဟုတ် သေချာစေရန် ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံရာ၌ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဟု ပြောဆိုသည်။
“အဓိက က ကျနော်တို့ လက်နက်စွန့်ဖို့ ကိစ္စ ဟုတ် မဟုတ် သေချာ မေးမယ်။ ပြီးတော့ NCA(တနိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်) ကိစ္စနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ တနိုင်ငံလုံး ပါဝင်ရေးကိစ္စ ဆွေးနွေးမယ်။ အားလုံး ပါမှလည်း ကျနော်တို့ တက်မယ်” ဟုလည်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ က ပြောသည်။
MNDAA ၊ TNLA နှင့် AA တို့ကို တပ်မတော်က ငြိမ်းချမ်းရေးတွင် ပါဝင်လိုလျှင် လက်နက်စွန့်ပါသည် ဟူသည့် ထုတ်ပြန် ချက် ထုတ်ပေးရမည်ဟု သဘောထား ချမှတ်ထားသည်။
အဆိုပါ ၃ ဖွဲ့ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြားအဖွဲ့များ နည်းတူ ပါဝင်လိုပြီး လက်နက် စွန့်ပါသည် ဟူသည့် ထုတ်ပြန်ချက်ကို ထုတ်မည် မဟုတ်ဟု ငြင်းဆိုထားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များသည် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ မိုင်းလားမြို့သို့ ထွက်ခွာသွားပြီဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပြသည်။
ဦးလှမောင်ရွှေက “အဓိက ကတော့ ညီလာခံကို သူတို့ တက်ရောက် နိုင်တဲ့ ကိစ္စရပ်တွေ အဓိက ဆွေးနွေးဖို့ပါပဲ”ဟုလည်း ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပါဝင်နိုင်ရေး ကိစ္စရပ်များကို အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က ဆွေးနွေးသွားမည် ဖြစ်ပြီး ၂၁ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေး၊ ညီလာခံကိစ္စရပ်များ ချပြနိုင်ရေး အတွက်လည်း ငြိမ်းချမ်းရေး ကော်မရှင်နှင့် အတူ ၂၁ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီ၏ ကိုယ်စားလှယ်များ ကလည်း မိုင်းလားမြို့သို့ လိုက်ပါလာသည်ဟု သိရသည်။
သြဂုတ်လ ၉ ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသည် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တို့ကြား ပထမဆုံး တရားဝင် တွေ့ဆုံ ဆွေးနွေးမည့် ပွဲဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည့် မိုင်းလားမြို့သို့ လာရောက် တွေ့ဆုံရခြင်းသည် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ခေါင်း ဆောင်များမှာ ငြိမ်းချမ်းရေး မယူထားသဖြင့် ပြည်မသို့ လာရောက်ရန် အခက်အခဲ ရှိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး တစုံတရာ သဘောတူထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။
MNDAA သည် ရှမ်းပြည်နယ် အရှေ့မြောက်အတွင်း လှုပ်ရှားပြီး TNLA သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားကြောင်း၊ AA သည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အခြေစိုက်ပြီး ရခိုင်ပြည်နယ်တွင်လည်း ပြောက်ကျား လှုပ်ရှားမှု ရှိကြောင်း သိရသည်။
အစိုးရက ၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လ လကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည်။
၂၁ ရာစု ပင်လုံ ညီလာခံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား နိုင်ငံရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။
လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နှင့် NCA မချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့သည်လည်း အစိုးရ နှင့် တွေ့ဆုံမှုများ ပြုလုပ်ထားပြီး ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်နိုင်ရေး ဆောင်ရွက်နေကြပြီ ဖြစ်သည်။

No comments:
Post a Comment