Monday, August 8, 2016

အသတ်ခံရသော မိုင်းယော် ဒေသခံ ၇ ဦး ရုပ်အလောင်းများ တူးဖော်စစ်ဆေးမှု ပြုလုပ်

နန်းဆိုင်နွမ်


ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က အသတ်ခံခဲ့ရသည့် ဒေသခံ ၇ ဦး ၏ ရုပ်အလောင်းကို သြဂုတ် ၆ ရက်တွင် တာဝန်ရှိသူများက တူးဖော် စစ်ဆေးကြောင်း သိရသည်။

ယင်းသို့ ရဲလုပ်ငန်းအရ စစ်ဆေးရာတွင် လားရှိုးမြို့မှ မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် လားရှိုး ရဲတပ်ဖွဲ့တို့က သွားရောက် တူးဖော် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက “ကျနော်တို့ ရဲလုပ်ငန်းအရ လုပ်တာပါ။ အလောင်းကိုဖော်ပြီး ပြန်သင်္ဂြိုဟ်ပါတယ်။ ပြီးတော့ အဲ့ဒီဒေသမှာ သေဆုံးတဲ့အတွက် ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး လူသတ်မှု ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၀၂) နဲ့ အမှု ဖွင့်ထား ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

သေဆုံးသူ ဒေသခံ ၇ ဦးသည် အပစ်မဲ့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ စစ်ဆေးပြီး ကျူးလွန်သူများကို အရေးယူသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူများနှင့် ပတ်သက်ပြီး မိုင်းယော် ကျေးရွာ ဒေသခံ တဦးဖြစ်သော ဒေါ်အေးလွန်းက “ရဲတွေ စနေနေ့က အလောင်း လာဖော်ပါတယ်။ ကျမတို့ သွားကြည့်ခွင့်လည်း မရဘူး။ ဒေသခံ ၇ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စကို အမှုမှန် ဖော်စေချင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

လယ်ယာလုပ်ငန်းခွင်သို့ ပြောင်းစိုက်ပျိုးရန် သွားရာမှ အသတ်ခံရသည့် မိုင်းယော် ရွာသား ၇ ဦးနှင့် ပတ်သက်ပြီး ဒေသခံ များက အစိုးရတပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။

လက်ရှိတွင် မိုင်းယော်ကျေးရွာ အတွင်းသို့ အစိုးရစစ်ကြောင်း လာရောက် တည်းခိုခြင်း မရှိတော့ကြောင်း၊ ဒေသခံများက လယ်ယာလုပ်ငန်းသို့ သွားသည့်အခါ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေသဖြင့် ဝေးလံသည့် လယ်ယာသို့ မသွားရဲကြ ကြောင်း မိုင်းယော် ဒေသခံများက ပြောဆိုကြသည်။

မိုင်းယော်ကျေးရွာအနီး ဒေသခံရွာသား ၇ ဦး အသတ်ခံ သေဆုံးခဲ့ရသည့်အပေါ် မြန်မာ့တပ်မတော် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးက သွားရောက်ပြီး လူသားချင်းစာနာမှုအဖြင့် ဇူလိုင် ၃ရက်နေ့က ကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုင်းယော် ကျေးရွာ ဒေသခံ ၇ ဦး သေနတ်နှင့် ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်တွင် လိုက်နာရမည့် သုံ့ပန်း များ စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရှိပြီး ထိုလုပ်ထုံး လုပ်နည်းများကို မလိုက်နာသည့် တပ်မတော်အရာရှိ၊ စစ်သည် များကို စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

No comments: