Friday, August 5, 2016

အလွတ်ကျက် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ထက်နိုင်ဇော်


စာစီစာကုံးကိုပင် အလွတ်ကျက်မှတ်၍ ဖြေဆိုနေကြသည့် အလွတ်ကျက် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရက ကြိုးစားလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ ပညာရေးဝန်ကြီးဌာနက နေပြည်တော်ရှိ အားကစားရွာတွင် ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာ အတတ် ပညာကဏ္ဍ)သို့ တက်ရောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ ပညာရေးစနစ်ကို ပြောင်းတဲ့အခါ အလွတ်ကျက်တဲ့စနစ် မဟုတ်ဘဲ ဆင်ခြင် စဉ်းစားသုံးသပ်နိုင်တဲ့ စနစ်ပေါ်မှာ အခြေခံ နိုင်အောင် ကြိုးစားနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စာစီစာကုံးကိုပင် အလွတ်ကျက် ရေးနေကြသည်မှာ အဆိုးဆုံးဖြစ်ကြောင်း၊ အလွတ်ကျက်သည့် စနစ်မှာ မှတဥာဏ်ကောင်းရုံသာ လေ့ကျင့်ပေးနိုင်ကြောင်း၊ ထို့ကြောင့် မှတ်ဥာဏ်ကောင်းရုံဖြင့် မလုံလောက်ဘဲ စဉ်းစားဆင်ခြင် သုံးသတ်တတ်ရန်လည်း လိုအပ်ကြောင်း သူက ပြောသည်။

“အလွတ်ကျက်တာကျတော့ ဆင်ခြင်စဉ်းစားတာ မပါဘူး။ ဆင်ခြင် စဉ်းစားချိန်လည်း မရဘူး။ ကလေးတွေမှာ အလွတ်ကျက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တိုင်းပြည်၏ အနာဂတ်သည် ပညာရေးအပေါ်တွင် မူတည်နေသောကြောင့် ဆရာ၊ ဆရာမများ အပေါ်တွင်လည်း များစွာ မူတည်ကြောင်း၊ ယခုခေတ် ပညာရေးတွင် ဆရာ၊ ဆရာမ ဗဟိုပြု ပညာရေး၊ ကျောင်းသား ဗဟိုပြု ပညာရေးနှင့် ဗဟုသုတ ဗဟိုပြု ပညာရေးဆို၍ အမျိုးမျိုး ဝေဖန်လျက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဗဟုသုတကို ဗဟိုပြုတာထက် သင်ကြားမှုကို ဗဟိုပြုတာက နည်းနည်းများပိုပြီး ကျယ်ပြန့်မလားလို့ စဉ်းစားစရာ ရှိပါတယ်။ ဗဟုသုတဆိုတာ စာအုပ်ထဲကရတဲ့ ဗဟုသုတ ဆိုတာတောင်မှ ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် ဘဝနဲ့ အလုပ်အကိုင် တွေ့ကြုံတဲ့ ဗဟုသုတကို ဆိုလိုတာလား။ အဲဒါဆိုရင်လည်း ဒါက အင်မတန် ကျယ်ပြန့်နိုင်ပါတယ်။ ဒါဟာ ဆရာ၊ ဆရာမတွေ စဉ်းစားရမယ့်ကိစ္စပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သင်ယူခြင်းဆိုသည်မှာ တသက်လုံး လုပ်ရမည် အလုပ်ဟု ယခုခေတ်တွင် အားလုံးက လက်ခံကြသဖြင့် ကျောင်းခန်းထဲတွင် ရှိသည့် အချိန်တွင်သာမက ကျောင်းခန်း ပြင်ပရောက်သည့် အခါတွင်လည်း သင်ယူစရာများစွာ ရှိကြောင်းလည်း ဆိုသည်။

“အဲဒီလိုစိတ်မျိုး ဖြစ်လာအောင်လို့ ကလေးတွေကို ပြုစု ပျိုးထောင်ခြင်းက ဆရာ၊ ဆရာမ တွေအတွက် အဓိကတာဝန် ဖြစ်တယ်လို့ ယူဆတယ်။ ကျောင်းခန်းထဲမှာ ကိုယ်သင်ပေးလိုက်တဲ့ပညာကို ယူသွားရုံတင်မက ကျောင်းပြင်ပ ရောက်သွားတဲ့အခါ ကိုယ့်ဖာသာကို ပညာတွေဆက်ပြီး သင်ယူချင်စိတ် ရှိအောင်လို့ လုပ်ပေးလိုက်ရင် ဒါဟာ ဆရာ၊ ဆရာမတွေအတွက် အမြင့်မားဆုံး လုပ်ရပ်တခုပဲလို့ ကျမ ဒီလိုပဲ ခံယူပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသားများကို မုသား လုံးဝ မပြောသင့်ကြောင်း၊ ဆရာ၊ ဆရာမများ၏ မုသားပြောဆိုခြင်းကြောင့် တပည့်များ၏ ဘ၀တခုလုံးကို ထိခိုက်သွားစေနိုင်ကြောင်း သူက ပြောသည်။

“ကျမ ဘဝမှာ ဆရာ၊ ဆရာမတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ ကျမ မလေးစားတဲ့ ဆရာ၊ ဆရာမဆိုတာ တယောက်ပဲ ရှိခဲ့ဖူးတယ်။ မလေးစားတဲ့ အကြောင်းကတော့ ဆရာမက သူ့ရဲ့ သားသမီးတွေနဲ့ တပည့်တွေကြားမှာ ခွဲခြား ဆက်ဆံတာကို ကျမ သတိပြုမိတယ်။ ကျမ တသက်လုံး ဒီဆရာမ တယောက်ပဲ မလေးစားခဲ့ဘူး။ ကျမ ပြောချင်တာက ဆရာ၊ ဆရာမများဟာ ကိုယ့်ရဲ့တပည့်တွေကို ကိုယ့်ရဲ့ ရင်သွေးများပမာ စေတနာထားဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆရာ၊ ဆရာမများ ကိုယ်ကိုယ်တိုင်က တသက်လုံး သင်ယူချင်သည့် စိတ်ရှိမှသာ တပည့်များကိုလည်း ကောင်းကောင်း သင်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ယူချင်သည့် စိတ်မရှိသည့် ဆရာ၊ ဆရာမများက တပည့်များကိုလည်း သင်ယူချင်လာအောင် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“စာအလွတ်ကျက်မှ သင်ယူခြင်း မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် အောက်ခြေမှ အောက်သက်ကြေတဲ့ ဆရာ၊ ဆရာမများ အထက်ကို တက်တက်လာခြင်းသည် ပညာရေး စနစ်အတွက် အထောက်အကူ ဖြစ်မည်ဟု ယူဆကြောင်း၊ ပညာရေး ပြုပြင် ပြောင်းလဲမှုများတွင် စာမေးပွဲစနစ်၊ သင်ယူမှု စနစ်တို့ကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ပညာရေးအတွက် အစိုးရက ငွေပိုသုံးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ သင်ပေးခြင်းဆိုတဲ့ တန်ဖိုးကို နားလည်အောင် လုပ်ရမယ်။ ကျမတို့ရဲ့ ဆရာ၊ ဆရာမတွေရဲ့ ကြားထဲမှာ ဆရာတွေ များလာစေချင်တယ်။ ယောက်ကျားလေးတွေကလည်း ကူညီပေးခြင်းဆိုတာ ဘယ်လောက် မြင့်မြတ်လဲဆိုတာ ငယ်ငယ်ကလေးတည်းက ဘယ်လောက် လုပ်ချင်စရာ ကောင်းတဲ့ အလုပ်ဖြစ်တယ် ဆိုတာကို နားလည်သင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ ပညာရေး နှီးနှောဖလှယ်ပွဲမျိုးတွင် ဆရာ၊ ဆရာမများ တွေ့ဆုံသည့်အခါ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ဖလှယ်ကြရန်နှင့် အတွေ့အကြုံ အတွေးအခေါ်များ ဖလှယ်ခြင်းမှာ သင်ယူခြင်း တခုပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“စာမေးပွဲမှာ ဘယ်သူကတော့ အမှတ်တွေ ဘယ်လောက်ရတယ်။ အခုချိန်မှာ ဂုဏ်ထူးပေါ့နော်။ ဂုဏ်ထူးတွေ ဘယ်နှစ်ခုရလည်း ဆိုတာ အဓိက မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံ အနာဂတ်အတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားကောင်းများ၊ ကမ္ဘာကြီးကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ကမ္ဘာသူကမ္ဘာသား ကောင်းများ ဘယ်နှစ်ယောက် မွေးထုတ်နိုင်သလဲဆိုတာကသာ ကျမတို့ ဆရာ၊ ဆရာမများရဲ့ အောင်မြင်မှုကို တိုင်းတာပေးနိုင်မယ့် ကိစ္စလို့ ကျမပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

No comments: