လွှမ်းမိုးအောင်
ဗီယက်နမ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းဟာ သြစတြေးလျအသင်းနဲ့ တတိယလုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
သြဂုတ် ၂ ရက် ညနေက ယှဉ်ပြိုင်တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ ပွဲချိန် ၁၅ မိနစ်နဲ့ ၁၆ မိနစ်တွေမှာ ဗီယက်နမ်အသင်းကို ဦးဆောင်ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပေမယ့် ပွဲချိန် ၅၉ မိနစ်မှာ ၀င်းသိဂီထွန်းနဲ့ ၇၆ မိနစ်မှာ မေသူကျော်တို့က ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာလည်း ပင်နယ်တီကနေ တဆင့် ၁ ဂိုး ထပ်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး ပြန်ပေးခဲ့ရလို့ ၃ ဂိုးစီ သရေကျခဲ့တာပါ။
အချိန်ပို မိနစ် ၃၀ အထိ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းရဲ့ ကန်ချက်ကို ဗီယက်နမ်ဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်က ၅ ဂိုးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တဲ့အတွက် ဗီယက်နမ်အသင်း ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ထိုင်းအမျိုးသမီးအသင်းက သြစတြေးလျ ယူ ၂၀ အမျိုးသမီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
ဗိုလ်လုပွဲနဲ့ တတိယလုပွဲစဉ်တွေကို လာမယ့် သြဂုတ် ၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ ထိုင်း၊ တတိယလုပွဲအဖြစ် မြန်မာနဲ့ သြစတြေးလျ ယူ ၂၀ အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment