နိရဉ္စရာ၊
နေ့လယ်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( ALP)မှ ဒုပြန်ကြားရေးတာဝန်ခံ ခိုင်မျိုးထွန်းကို စစ်တွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာရာ ပြည်သူရာပေါင်းများစွာက သူ့အား လွတ်ပေးရန် အော်ဟစ် တောင်းဆိုခဲ့ကြသည်။
တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး တရားရုံးရှေ့တွင် တောင်းဆိုနေသူ ဒေါ်ကျော်မေက “ ALP ကခိုင်မျိုးထွန်းကို ဖမ်းထားတဲ့အတွက် ကြွေးကြော်ပြီး တောင်းဆိုနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေက သူဟာ အမှန်တရားဘက် ရပ်တည်တဲ့လူဖြစ်တယ်ဆိုပြီး ယုံကြည်အတွက် ခုလို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
ယနေ့ တရားရုံးရှေ့သို့ ရောက်ရှိလာသော လူအုပ်မှာ ၁၀၀၀ ခန့်တောင် ရှိကြောင်း၊ အားလုံးက ခိုင်မျိုးထွန်းကို လွတ်ပေးစေလို၍ လာရောက်ခြင်း ဖြစ်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။
“ ဒီမှာ ရှိနေတဲ့ လူတွေက သူ့ကို မတရားလုပ်တာလို့ မြင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လို့ ဖမ်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့က သူ့ကို မလွတ်ပေးရင် ဆက်လက် ဆန္ဒဖော်ထုတ် တောင်ဆိုသွားပါမယ်” ဟုလည်း ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းသည် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။
ဧပြီလ ၂၇ ရက်နေ့က ALP ပြန်ကြားရေးဌာနမှ ထုတ်ပြန်သော ကြေငြာချက်ထဲတွင် ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို နှင်ထုတ်ခြင်း၊ ပြည်သူများကို စစ်မြေပြင်သို့ ခေါ်ယူသွားခြင်း စသည့် အချက်များ ပါဝင်သည်။
၎င်းထုတ်ပြန်ချက်သည် မြန်မာ့ တပ်မတော်ကို အကြည်အညို ပျက်စေသည်ဟု ဆိုကာ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် စစ်တွေ အခြေစိုက် ဒကစမှ ဒုဗိုလ်မှူးကြီး တစ်ဦးမှ စစ်တွေမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထား တရားစွဲခဲ့သည်။
၎င်းနောက်ပိုင်းတွင် ခိုင်မျိုးထွန်းအား ဖမ်းဆီးပြီး ဇူလှိုင်လ ၂၇ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ထပ်မံ ရမန်ယူခဲ့ပြီး ယနေ့တွင် ပြန်လည် ရုံးထုတ်လာခဲ့ခြင်း ဖြစ်သည်။

No comments:
Post a Comment