Thursday, August 25, 2016

ရွှေ့ပြောင်းလုပ်သားများကို ဗီဇာအတုလုပ်ပေးသည့် ဂိုဏ်းဖမ်းမိ

DVB


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာ၊ လော၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားထံမှ ငွေယူပြီး ပြည်ဝင်ခွင့်ဗီဇာတံဆိပ်တုံးအတုနဲ့ အလုပ်သမားကတ် သက်တမ်းအတု တိုးပေးနေတဲ့ ဂိုဏ်းတဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မယ်ဆိုင်မြို့ ၀ိန်းဖန်ခမ်းရပ်ကွက်က သုံးထပ်တိုက်တစ်လုံးမှာ ဗီဇာတုပြုလုပ်ပေးကြောင်း သတင်းရရှိချက်အရ အဆိုပါတိုက်ခန်းကို သွားရောက်စုံစမ်းပြီး အသက် ၅၅ နှစ်ရွယ်ရှိ နိုင်းဝိမွန်း လို့ခေါ်တဲ့ ထိုင်းအမျိုးသားတဦးနဲ့ အသက် ၄၅ နှစ်ရွယ်ရှိ နန်းကနုတ်ဖွန်း ခေါ် ထိုင်းအမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ချင်းရိုင်းခရိုင် ဒုရဲမှူး ရစ်ထိကလိုင်းကရကွန်းက သြဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စစ်ဆေးချက်အရ သူတို့အလုပ်စားပွဲ အန်ဆွဲထဲမှာ နိုင်ငံကူးလက်မှတ် ၁၀ အုပ်၊ ဗီဇာ ရက် ၉၀ ပြည့် သက်တမ်းတိုး တံဆိပ်တုံး၊ အလုပ်သမားကတ် နောက်ထပ် ၂ နှစ် သက်တမ်းတိုးပေးတဲ့ စာရွက်စာတမ်းနဲ့ တံဆိပ်တုံးအတုတွေ တွေ့ရှိကြောင်း၊ သူတို့ သက်တမ်းတိုး ပေးထားတဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ လ၀က နဲ့ အလုပ်သမားရုံးရဲ့ အီလက်ထရောနစ်ကွန်ရက်တွေမှာ ရှာဖွေတွေ့ရှိခြင်း မရှိတဲ့အပြင် ချွန်းပူးရီးခရိုင် လ၀ကမှူးရဲ့ လက်မှတ်ကိုလည်း အတုလုပ်ထားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူ ၂ ဦးကတော့ သူတို့အနေနဲ့ အတုမှန်းမသိလို့ လုပ်ရတာဖြစ်ကြောင်း၊ သူတို့ဟာ အလုပ်သမားရှာဖွေရေးအေဂျင်စီတစ်ခုက ၀န်ထမ်းတွေဖြစ်ပြီး အလုပ်သမား တစ်ဦး လျှင် ဘတ် ၁၅၀၀၀ နဲ့ ထိုင်းဗီဇာ တိုးပေးတာ၊ တစ်ဦးလျှင် ဘတ် ၅၀၀ နှုန်းနဲ့ ရက် ၉၀ ပြည့် သက်တမ်းတိုးတာတွေ လက်ခံဆောင်ရွက်ပြီး ဘန်ကောက်ရုံးကို ပို့ဆောင်ပေးရကြောင်း၊ ဘန်ကောက်ရုံးမှ စစ်ဆေးပြီးရင် ပြန်ပို့လာတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ နောက်ထပ်ကွင်းဆက်တွေ လိုက်လံစစ်ဆေးမှာဖြစ်သလို သူတို့ ၂ ဦးကို လည်း အစိုးရနဲ့ သက်ဆိုင်တဲ့ တံဆိပ်တုံးအတုလုပ်တာ၊ စာရွက်စာတမ်း အတုပြုလုပ်တာ စတဲ့အမှုတွေနဲ့ အရေးယူသွားမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

No comments: