သူဇာ
နှစ်၅၀ အတွင်း ဧရာဝတီ မြစ်ရေသည် အမြင့်ဆုံးစံချိန် ၂၆.၃၅ ပေ အထိ မြင့်တက်ခဲ့သည့်အတွက် ဧရာဝတီတိုင်းအတွင်း မြစ်ရေလွှမ်းမိုးမှု မရှိအောင် အရေးပေါ်ကာကွယ်မှုများ ဆောင်ရွက်နေရကြောင်း စုံစမ်းသိရသည်။
“ မနှစ်က ရေကြီးတာနဲ့ အခု ရေကြီးတာကျတော့ မတူပြန်ဘူး။ ဒီနှစ်က ဧရာဝတီမြစ်ရေ မြင့်တက်လာတာလို့ ပြောရမယ်။ နှစ်၅၀ အတွင်း အထူးခြားဆုံး အမြင့်ဆုံး စံချိန်ချိုးသွားတာကို တွေ့ရတယ်။ အထူးခြားဆုံး မြင့်တက်ခဲ့တဲ့အတွက် တာတွေ မှာ ရေလျှံတာတွေတော့ ဖြစ်တာတွေ့ရတယ်။ ကျနော်တို့ အနေနဲ့ကတော့ တာနိမ့်တဲ့နေရာတွေမှာ တာမြှင့်တာတွေ လုပ် ပေးထားတယ်။ တချို့နေရာတွေမှာ သဲအိတ်သယ်ရတာတွေ အခက်အခဲ ဖြစ်တယ်။ ပြည်သူတွေ အင်အားနဲ့ စစ်တပ်အင် အားနဲ့ ပူးပေါင်းဆောင်ရွက်လို့ နောက်ပိုင်းတော့ ကျနော်တို့ ဆောင်ရွက်လို့ရသွားပါတယ်” ဟု မအူပင်ခရိုင် ဆည်မြောင်းဦး စီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတိတ်အေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ယခင်နှစ်က ဧရာဝတီ မြစ်ရေသည် ၂၅.၈ ပေထိသာ မြင့်တက်ခဲ့ပြီး လွန်ခဲ့သော လေးနှစ်ခန့်က အမြင့်ဆုံးစံချိန်အဖြစ် ၂၆.၁ ပေအထိသာ မြင့်တက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့တွင်လည်း ရေလျှံမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ယခင်နှစ် ရေကြီးခဲ့ပြီးနောက် တာမြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ညောင်တုန်းရေကြီးမှု အန္တရာယ်မှာ စိုးရိမ်ဖွယ် မရှိကြောင်း ဆည်မြောင်းဦးစီးဌာန အမှတ် (၉)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းမြင့်သိန်းက ဆိုသည်။
“ညောင်တုန်းမြို့အခြေအနေက ဧရာဝတီမြစ်ကို ကာထားတဲ့ တာရဲ့အောက်ဘက်ကို ရောက်နေတယ်။ မနှစ်က ရေကြီး တော့ တာကို ရေလျှံမလို ဖြစ်တော့ ရေပြန်ကျပြီးနောက် တာမြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့တယ်။ အခုဆို အမြင့်ဆုံး စံချိန်ချိုးပြီး မြစ်ရေ မြင့်တက်ပေမယ့် တာကို ကျော်ဖို့ ငါးပေလောက် လိုသေးတော့ ညောင်တုန်းမြို့သူမြို့သား တွေ ညဘက် ကောင်းကောင်းအိပ်နိုင်တာပေါ့” ဟု ဦးကောင်းမြင့်သိန်းက ပြောသည်။
ညောင်တုန်းခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွှေဒင်္ဂါးကျွန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ကျော်မှာ ၁၀ကျော် ကြာသည်အထိ ရေ ပြန်မကျသေးသည့်အတွက် ပြည်သူများအနေနှင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
“ရေတက်တာ ဆယ်ရက်ကျော်ပြီ။ တဖြည်းဖြည်း တက်လာတော့ အိမ်တွေမှာ အဆင့်တွေ ထပ်ထပ်ထိုးပြီး ရေလွတ်ရာနေ ကြတယ်။ နောက်ဆုံး မလွတ်တော့မှ လှေတွေနဲ့ နီးစပ်ရာ ရေလွတ်တဲ့နေရာတွေ ဖြစ်တဲ့ ဘုန်းကြီးကျောင်းတို့၊ ဆွေမျိုးအိမ် တွေကို ပြောင်းနေရတယ်။ လက်ရှိအထိတော့ ကယ်ဆယ်ရေး ဘယ်အဖွဲ့မှ မတွေ့ရသေးပါဘူး” ဟု ရွှေဒင်္ဂါးကျွန်းကျေးရွာ နေ ကိုဝင်းဇော်က ဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဧရာဝတီမြစ်နှင့် င၀န်မြစ် ရေလျှံခြင်းများကြောင့် သြဂုတ်လ ၂ ရက်နေ့မှ စတင်ပြီး ဟင်္သာတ၊ ဇ လွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ မအူပင်၊ ပန်းတနော်နှင့် ဓနုဖြူတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိ ညောင်တုန်းခရိုင်တွင် ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းပေါင်း ၅၀ ဖွင့်လှစ်ထားပြီး လူဦးရေ ၁၃၅၃၁ ဦးကို ကယ် ဆယ်ထားကြောင်း၊ ပုသိမ်ခရိုင်တွင်လည်း ကယ်ဆယ်ရေး စခန်း၂၀ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၁၅၆၈ ဦး ရောက်ရှိနေ ကြောင်း၊ ဟင်္သာတမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၁၆ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၂၃၅၀၀ ဦး ရောက်ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြားရာတွင် ထည့်သွင်းပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ဧရာဝတီတိုင်း၌ ရေကြီးမှုများ ဆိုးဝါးစွာဖြစ်ပွားခဲ့ရာ ပုသိမ်၊ ဟ င်္သာတနှင့် မအူပင်ခရိုင်များရှိ မြို့နယ် ၁၇ ခုရှိ နေအိမ်အလုံးပေါင်း ၈ သောင်း ၈ ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်ခဲ့သလို ရေလွှမ်းမိုးမှုကြောင့် ကျပ်သန်းပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

No comments:
Post a Comment