နန်းလွင်နှင်းပွင်
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မတရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဝင်ရောက် ဖမ်းဆီးရာ နိုင်ငံခြားသား ၁၂ ဦးနှင့် လုပ်ငန်းသုံး စက်ယန္တရား ၅၀ ကျော်ကို ဖမ်းဆီး ရရှိသည်ဟု တပ်မတော်က သြဂုတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် တပ်မတော်နှင့် အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လည်း ပါဝင်ကြောင်း သိရသည်။
ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၂ ရက်အထိ ဖားကန့်မြို့နယ် ဒွန်ဘန်နှင့် ရှဒူဇွတ် ကျေးရွာအနီးတို့တွင် တရားမဝင် ရွှေ တူးဖော်နေသူများကို ဝင်ရောက် ဖမ်းဆီးရာတွင် တဖက်နိုင်ငံသား ၁၂ ဦး အပါအဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဘက်ဟိုး ယာဉ်နှင့် အခြားယာဉ်စုစုပေါင်း ၅၂ စီး နှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်ဖောင် ၂၆ ခု ဖမ်းဆီးရမိသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ တပ်မတော် စစ်ကြောင်းများက တရားမဝင် ရွှေလုပ်ကွက်များအား ၀င်ရောက်ဖမ်းဆီးရာတွင် ရွှေလုပ်ကွက်အနီးရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များနှင့် သြဂုတ်လ ၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံ တချို့က ပြောသည်။
တရားမဝင် ရွှေတူးဖော်သည့်နေရာမှာ အစိုးရ ထိန်းချုပ်နယ်မြေနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ်မြေကြားတွင် တည်ရှိသည့်နေရာဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကလည်း ဧရာဝတီကို ပြောသည်။
ဖမ်းဆီးမိသည့် နိုင်ငံခြားသား ၁၂ ဦးကို အရေးယူထားခြင်း ရှိ/မရှိကို သက်ဆိုင်ရာဖားကန့် မြို့နယ် ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဒုရဲအုပ် သက်ဇော်ဦးက အဆိုပါကိစ္စကို မသိရှိကြောင်းနှင့် ဖားကန့်မြို့နယ် ရဲစခန်းတွင် တရားစွဲဆို ထားခြင်းမရှိကြောင်း ပြန်လည် ဖြေကြားသည်။
“ကျနော်တို့ဆီ ရောက်မလာပါဘူး။ စိစစ်ရေးနဲ့ ပတ်သက်တာကျတော့ ကျနော်တို့ဆီကို မရောက်တာ မပို့တာပါ။ တပ်က နေ ဖမ်းတာဆိုတော့ သူတို့မြစ်ကြီးနားပဲ တိုက်ရိုက်ပို့မလား မသိဘူးဗျ”ဟု ဒုရဲအုပ် သက်ဇော်ဦးက ပြောသည်။
မြစ်ကြီးနား မြို့မရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် စခန်းမှ တာဝန်ရှိသူတဦးက“ကျနော်တို့ မြို့မရဲစခန်း အနေနဲ့လည်း အရေးယူထားတာ မရှိပါဘူး”ဟု ပြောပြသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက ကချင်ပြည်နယ်နှင့် နေပြည်တော်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားပေးခြင်း မရှိပေ။

No comments:
Post a Comment