Monday, August 8, 2016

ဒေါ်အောင်ဆန်းစုကြည် အလုပ်တာဝန်များကို နိုင်နင်းစွာ စီမံခန့်ခွဲနေ

ထက်နိုင်ဇော်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်တာဝန် များပြားသည်မှာ မှန်သော်လည်း ယင်း တာဝန် လုပ်ငန်းများကြောင့် စိတ်ဖိစီးမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“တသက်လုံး ရုန်းကန်ပြီးတော့မှ သူ တသက်လုံး ဆည်းပူးလာတဲ့ အသိပညာတွေကို အခုမှ ပြန်အသုံးချရတာ ဆိုတော့ အလုပ်မှာ ဖိစီးတယ်လို့ ကျနော် မမြင်ရဘူး။ ကျနော်တို့ကတော့ ရယ်ရယ်မောမောပဲ။ တခါတလေတောင် ဟာသတွေ ပြောနေသေးတာ” ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရအဖွဲ့တွင် ကြီးလေးသည့် တာဝန်များ ထမ်းဆောင်နေရသဖြင့် အစိုးရ၏ အောင်မြင်မှုမှာ ၄င်း၏ လုပ်ငန်း တာဝန်များကို ခွဲဝေပေးနိုင်စွမ်း အပေါ်တွင် မူတည်နေကြောင်း ဘယ်လ်ဂျီယမ် အခြေစိုက် ပညာရှင် အဖွဲ့တခု ဖြစ်သည့် International Crisis Group က ဇူလိုင်လ နောက်ဆုံးပတ်တွင် သတိပေးခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေး ၀န်ကြီးနေရာ ရာထူးများအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်ရခြင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဋ္ဌ ရာထူးပါ ရယူထားသဖြင့် များပြားလှသည့် လုပ်ငန်း တာဝန်များသည် ၄င်း၏ ပခုံးပေါ်တွင် ကျရောက်လျက် ရှိသဖြင့် ကြီးမားလွန်းသည့် လုပ်ငန်းတာဝန်များ ဖြစ်နေသည်ဟု ICG က ထုတ်ပြန်ခဲ့သည်။

ဦးဝင်းထိန်ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ငန်းတာဝန်များကို နိုင်နင်းရုံသာမက တွေ့သည့်အခါတိုင်းတွင် ၄င်းသည် အလုပ်တွင် ပျော်မြူးနေကြောင်း၊ ကျန်းမာရေးမှာလည်း ကောင်းမွန်ကြောင်း ဆိုသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က ကျန်းမာရေးကို အဓိဋ္ဌာန်နဲ့ လုပ်နေသလား အောက်မေ့ရတယ်။ ကျုပ်ထက်တောင် ကျန်းမာသေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တပတ်လျှင် အနည်းဆုံး ၂ ကြိမ်၊ ၃ ကြိမ်ခန့် တွေ့ဆုံလေ့ရှိသူ ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အစိုးရက အပြည့်အ၀ တာဝန်ယူထားကြောင်းလည်း သိရသည်။

“IS က သူ့ဘာသာသူ ခြိမ်းခြောက်တာတော့ ခြိမ်းခြောက်တာပဲ။ တခု ကျနော်တို့ ပေါ့သွားတာက အစိုးရရဲ့ လုံခြုံရေး ယန္တရားကြီးက သူ့အတွက် တာဝန် ယူလိုက်တဲ့အခါ ကျနော်တို့ ပေါ့သွားတယ်။ သို့သော် ကျနော်တို့မှာ တာဝန် မရှိတော့ဘူးလို့ မဟုတ်ဘူး။ တာဝန်ရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအဖွဲ့ တာဝန်ယူသည့် ကာလအတွင်း လူမှုဘ၀ ဖွံ့ဖြိုးရေးကို ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိသေးကြောင်း၊ ချက်ချင်း အကောင်အထည် မဖော်နိုင်သေးသော်လည်း ဆက်လက် ကြိုးစားနေကြောင်း ဦးဝင်းထိန်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် လူမှုစီးပွား ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ပြောကြားသည်။

“ကျနော်တို့ အစိုးရတက်တဲ့ ကာလ ၄ လအတွင်းမှာ ဘာတွေ တိုးတက်သလဲဆိုရင် ဝေဖန်တဲ့သူတွေက အမျိုးမျိုး ပြောကြတာပေါ့။ ဘာမှ ထူးထူးခြားခြား မသိသာဘူးလို့ ပြောတဲ့သူတွေလည်း ရှိတယ်။ တိုးတက်မှု ရှိတယ်လို့ ပြောတဲ့သူလည်း ရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

သူက ဆက်လက်၍ “ကျနော်တို့လည်း ပြည်သူလူထုထဲကို ၀င်ပြီးတော့မှ တချို့လည်း ကိုယ်တိုင် မ၀င်နိုင်တဲ့အခါ ပြည်သူလူထု အသံ နားထောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို စေလွှတ်ပြီးတော့ စနည်းနာတဲ့အခါ ထူးခြားတဲ့ ပြောင်းလဲမှု ၃ ခု တွေ့တယ်လို့ ခံစားရပါတယ်” ဟု ပြောသည်။

ပထမဆုံးအချက်မှာ ပြည်ထောင်စု အစိုးရ၊ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းလိုက်သည့် အစိုးရများသည် အဂတိ ကင်းစင်ကြောင်း၊ အဂတိတရား အလွန်နည်းကြကြောင်း၊ ဒုတိယအချက်မှာ အစိုးရသည် ပြည်သူကို လုံးဝ နှိပ်စက်ခြင်း မရှိကြောင်း ဦးဝင်းထိန်က ပြောသည်။

“နောက်တချက်ကတော့ ကျနော်တို့ တာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာ မမှားအောင် သူတို့ ကိုယ်တိုင်လည်း ကြိုးစားတယ်။ ကျနော်တို့ကလည်း စောင့်ကြည့်တယ်။ စောင့်ကြည့်တဲ့အခါမှာ မှားယွင်းသွားလို့ စေတနာနဲ့မှားတာပဲ ဖြစ်ဖြစ် မှားတာမျိုး ရှိရင် ပြင်ဖို့ ၀န်မလေးပါဘူး။ အစားထိုးဖို့က ၀န်မလေးဘူး။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ မူဝါဒ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အစိုးရ လုပ်ဆောင်ခဲ့သည့် ရက် ၁၀၀ စီမံကိန်းကို ပြင်းထန်စွာ ဝေဖန်သူများ ရှိခဲ့သကဲ့သို့ အကောင်းမြင်သူများလည်း ရှိခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေ ဝေဖန်မှုများကို လေ့လာ၍ သင့်လျော်သလို ပြုပြင်ရမည်မှာ အစိုးရအလုပ်ပင် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“တချို့က လမ်းချော်တာလေးတွေ၊ ဘ၀င်မြင့်တာလေးတွေ၊ ရည်မှန်းချက် ပျောက်ပြီးတော့မှ ရှေ့တန်းထွက်တာလေးတွေ ကျနော်တို့ တွေ့တယ်။ တွေ့တိုင်းလည်းပဲ မှတ်သားပြီး ပြုပြင်ဖို့ ကြိုးစားနေတယ်” ဟု ဦးဝင်းထိန်က ပြောဆိုသည်။

No comments: