Friday, August 5, 2016

အိမ်အပြန်လမ်း ချောမွေ့ပါရစေ

အောင်မျိုးမင်း


၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်ပြီး အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ကိုမောင်မောင်ဝမ်းဟာ ရန်ကုန်လေဆိပ်မှာ ပြည်ဝင်ခွင့်ငြင်းပယ်ခံလိုက်ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးမှာ မြန်မာပြည်ဝင်ခွင့်ဗီဇာရရှိခဲ့ပေမယ့် ယခင်သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ဇူလိုင်လတုန်းက လူမှုဗီဇာနဲ့လာရောက်ခဲ့ကာ အင်္ဂလိပ်စာသင်ကြားခဲ့ပြီး ဗီဇာရက်လွန်နေထိုင်တာကြောင့် ပြည်နှင်ဒဏ်ပေးခံရပါတယ်။

သမ္မတဟောင်းလက်မှတ်နဲ့ ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြင်မှ ပြည်ဝင်ခွင့်ရမယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း သူက ပြောဆိုပါတယ်။ သူ့မိတ်ဆွေတွေရဲ့ ကြိုးပမ်းဆက်သွယ်မှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ခွင့်ပြုလို့ ပြည်ဝင်ခွင့်ပြန်ရပေမယ့် ကိုမောင်မောင်ဝမ်းအနေနဲ့ နာရီ ၅၀ ကြာ မနားတန်း ခရီးသွားရလို့ လူပန်းရတဲ့အပြင် မွေးဖွားကြီးပြင်းခဲ့ပြီး ကျရာနေရာက အလုပ်အကျွေးပြုဖို့ ပြန်လာတဲ့ အမိနိုင်ငံက မနွေးထွေးခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရမှာ မလွဲမသွေဖြစ်ပါတယ်။

မကြာမီက အမည်မည်းစာရင်းသွင်းခံထားရတဲ့ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ၆၀၀ ကျော်ကို စာရင်းက ပယ်ဖျက်လိုက်ပြီးလို့ သတင်းထွက်လာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေတဲ့ နိုင်ငံသားတွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအယူအဆကြောင့် တိုင်းတပါးကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာခဲ့ကြပြီး ပြည်ဝင်ခွင့်ပြန်မရသေးတဲ့ ပြည်ပရောက်နေသူတွေအနေနဲ့ ပြည်တော်ပြန်ခွင့်ရတော့မလားဆိုပြီး မျှော်လင့်ချက် ရောင်နီလေးသန်းလာလို့ပါ။

ဒီလိုအချိန်မှာ အခုလို အဖြစ်အပျက်မျိုးဖြစ်ပွားတာဟာ အစိုးရအပေါ် ယုံကြည်အားကိုးမှု လျော့ပါးသွားစေပါတယ်။ ဒါ့အပြင် အစိုးရ၀န်ကြီးဌာနတွေအကြားမှာ ဆက်သွယ်ဆောင်ရွက်မှု အားနည်းနေတာကို ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးပြီးမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ခွင့်မပြုဘဲ ငြင်းပယ်လိုက်ခြင်းဟာ ၀န်ကြီးဌာနတွေအကြား သတင်းစီးဆင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု နည်းနေတာကို ပြသလိုက်တာဖြစ်ပါတယ်။

ကိုမောင်မောင်ဝမ်း ပြည်ဝင်ခွင့် ငြင်းပယ်ခံရတဲ့ သတင်း ဟိုးလေးတကျော် ဖြစ်တော့မှ နောက်ဆက်တွဲ အစည်းအဝေးတွေ ထိုင်ကြ၊ အမည်မည်းစာရင်း အတိအကျ ထုတ်ပြန်မှုတွေ လုပ်ကြတာတွေ့ရတော့ နှစ်ကာလပေါင်းများစွာ အမြစ်တွယ်နေတဲ့ ကြိုးနီစနစ်ကြီး မပျောက်ကွယ်သေးတာ ပိုထင်ရှားသွားပါတယ်။ အမည်မည်းစာရင်းသွင်းခံရတာကနေ လွတ်ပြီး ပြည်တော်ပြန်နိုင်တော့မလားဆိုပြီး စိတ်ကူးယဉ်နေတဲ့ ပြည်ပရောက်မြန်မာတွေကြားမှာ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမည်မည်းစာရင်းကလွတ်ပြီး နိုင်ငံရေးဝန်ကြီးဌာနက ဗီဇာရပြီးဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက လက်မခံရင်ဆိုတဲ့ စိုးရိမ်စိတ်က ရှိမြဲရှိဆဲပါ။

အမှန်တော့ အမည်မည်းစာရင်းဆိုတာဟာ နိုင်ငံတကာရာဇ၀တ်မှုတွေ ကျူးလွန်ထားလို့ ရာဇ၀တ်သားအဖြစ် ၀ါးရမ်းထုတ်ထားတဲ့သူတွေ၊ ပြစ်မှုကြီးကြီးမားမားကို ကျူးလွန်ခဲ့တဲ့သူတွေကိုသာ သတ်မှတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ အမည်မည်းစာရင်းသွင်းခံရတဲ့သူပေါင်း ၈၀၀၀ ကျော် ရှိတယ်လို့ ကြားသိရပါတယ်။ အတော်များများဟာ အရင်အစိုးရတွေလက်ထက်က နိုင်ငံရေးလုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဒီစာရင်းမှာ အမည်သွင်းခံရတဲ့သူတွေဖြစ်ပါတယ်။

နိုင်ငံရေးလုပ်ဆောင်မှုဆိုတာ ရာဇ၀တ်မှု မဟုတ်ပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရေးသားခွင့်၊ စုဝေးခွင့်ဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အခြေခံလူ့အခွင့်အရေးတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ရာဇ၀တ်မှုမဟုတ်ပါဘူး။ ဒီလို လူ့အခွင့်အရေးတွေကို ကျင့်သုံးမှုကြောင့် အမည်မည်းစာရင်းသွင်းတာကိုက လူ့အခွင့်အရေးကို မလေးစားဘူးဆိုတာ ပြသနေပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ လူ့အခွင့်အရေးလုပ်ဆောင်လို့ အမည်မည်းစာရင်းသွင်းခံရတယ်ဆိုတာ လုံးဝမရှိသင့်တော့ပါဘူး၊ လုံးဝကို ဖျက်သိမ်းသင့်ပါတယ်။

နောက်တခုကတော့ ဒီအမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်ပါပြီလို့ ကြေညာပေမယ့် စာရင်းကို အတိအကျ လူသိရှင်ကြား မထုတ်ပြန်တာဟာ မဖြစ်သင့်ပါဘူး။ ကိုယ့်အစိုးရက ကိုယ့်ကို ဘယ်လိုသဘောထား သတ်မှတ်သလဲဆိုတာတောင် သိခွင့်မရတဲ့ ပြည်သူတွေဘ၀က နစ်နာလှပါတယ်။ အမည်မည်းစာရင်းမှာ ဘာကြောင့် သွင်းခဲ့တာလဲ။ ဘယ်သူတွေ ပယ်ဖျက်တာ ခံရသလဲ။ ဘယ်သူတွေ ကျန်သေးလဲ။ ဘာကြောင့် ကျန်နေသေးတာလဲဆိုတာ သိသင့်သောအရာတွေဖြစ်ပါတယ်။ ဒါမှသာ သတ်မှတ်ခံရတဲ့အကြောင်းဟာ ခိုင်မာလား မခိုင်မာလား၊ အယူခံနိုင်သလား၊ ကျန်နေသေးတဲ့သူတွေကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ သိရှိဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၀ က ဇူလိုင်လ ၂၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီ အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီစာထဲမှာ နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီိကရေစီ အသွင်ကူးပြောင်းမှုနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပါဝင်ခွင့်ပြုဖို့ ပန်ကြားထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ပဲ့ကိုင်ကော်မတီဝင် မသွယ်ဇင်တိုးက “ကျမတို့ နယ်စပ်မှာ ပညာပေးလေ့ကျင့်ထားမှုတွေနဲ့ အခုလို တိုင်းပြည်အပြောင်းအလဲကာလ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရေးနဲ့ ဒီမိုကရေ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ ပိုမိုအားကောင်းအောင် ၀ိုင်းဝန်းဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကျမတို့ တိုင်းပြည်ကို လုံခြုံစိတ်ချစွာ ပြန်လာရေးနဲ့ မူလနိုင်ငံသားအခွင့်အရေးတွေ အပြည့်အ၀ပြန်လည်ရရှိရေးအတွက် စဉ်းစားပေးပြီး လမ်းညွန်ချက်တွေ အမြန်ဆုံးချမှတ်ပေးစေလိုပါတယ်” လို့ ပန်ကြားထားပါတယ်။

နိုင်ငံရေးကြောင့် ထွက်ခွာခဲ့ရတဲ့သူတွေ တော်တော်များများရဲ့ အိပ်မက်က “ဂုဏ်သိက္ခာရှိစွာ ပြည်တော်ပြန်နိုင်ရေး” ဖြစ်ပါတယ်။ သူရဲကောင်းလို့ ပန်းကုံးစွပ်ကြိုဆိုတာကို မမျှော်လင့်ပါဘူး။ လိုချင်တာက အမည်မည်းစာရင်းဝင်အနေနဲ့ဖြစ်စေ၊ ခံဝန်ချက်ရေးထိုးပြီးဖြစ်စေ ပြန်လာတာမျိုးမဟုတ်တဲ့ လိပ်ပြာသန့်သန့်နဲ့ ခေါင်းမော့ ပြန်လာနိုင်တဲ့ အခြေအနေမျိုးကို မျှော်လင့်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမည်မည်းစာရင်း သွင်းထားတာတွေ အမြန်ဆုံးပြန်ဖျက်ပြီး ၀န်ကြီးဌာနများရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်စေချင်ပါတယ်။ ဒါမှသာ အစိုးရသစ်က ဖော်ဆောင်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ကို လမ်းခင်းပေးရာ ရောက်ပါလိမ့်မယ်။

No comments: