နိရဉ္စရာ၊
ရခိုင်ပြည်သူများ အထူး မျှော်လင့်တောင့်တနေသော ရက္ခိုင့်တပ်မတော် (AA)၏ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ခွင့်ရရေးမှာ ယခုအခါ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပါဝင်နိုင်ဘဲ ဖြစ်နေသော ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ သုံးဖွဲ့ကို လက်နက် စွန့်စရာမလိုဘဲ ဆွေးနွေးပွဲတက်ရောက်နိုင်ပြီဖြစ်ကြောင်း မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူ ပြောဆိုကြောင်း ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောကြောင်း ရိုက်တာသတင်းကို ကိုကားပြီး အာရ်အက်ဖေ (မြန်မာပိုင်း အစီအစဉ်) က ယနေ့ သတင်း ဖော်ပြသည်။
“ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) အဖွဲ့နဲ့ ရက္ခိုင့် တပ်မတော် (AA) တပ်ဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လက်နက်ကို အရင်စွန့်ဖို့လိုတယ်လို့ မြန်မာ့တပ်မတော်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် အခုအခါ အဲ့ဒီအဖွဲ့သုံးဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုတာ ပြသခဲ့ကြတဲ့အတွက် လက်နက် အရင်စွန့်ဖို့ တောင်းဆိုချက် ကို ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။
ယခင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုလျင် လက်နက်ကို အရင်စွန့်ကြရန် တပ်မတော်ဘက်က အတိအလင်းတောင်းဆိုခဲ့ရာ အဖွဲ့ သုံးဖွဲ့ အနေဖြင့် ၎င်းတောင်းဆိုချက်ကို လက်ခံဖို့ခက်ခဲကြောင်း၊ တပ်မတော်အနေဖြင့် အားလုံးပါဝင်စေချင်သည့် အတွက် မူလအခြေအနေကို ဖြေလျှော့ပေးခြင်း ဖြစ်ကြောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုကြောင်း ရိုက်တာတွင် သတင်းဖော်ပြသည်။
ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး ဒေါက်တာ တင်မျိုးဝင်းမှလည်း AA ရခိုင်၊ MNDAA ကိုးကန်း၊ TNLA တအာင်းအဖွဲ့များနှင့် များမကြာမီ မိုင်းလား ( Monglar) တွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။
၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) မြန်မာ့ ငြိမ်းချမ်းရေး ညီလာခံကို ယခုလ သြဂုတ်လကုန်ပိုင်းတွင် ကျင်းပရန် အစီအစဉ်ရှိကြောင်း သိရသည်။

No comments:
Post a Comment