Friday, August 5, 2016

ပင်လုံ လူငယ်ညီလာခံသို့ တက်ရောက်ခဲ့သည့်ကမန်တိုင်းရင်းသား လူငယ်နှစ်ဦး တွေ့ဆုံ ရှင်းလင်းပွဲပြုလုပ်

ရွှေရအောင်(တောင်ကုတ်)


ဇူလှိုင် ၂၇ ရက်မှ သြဂုတ် ၁ ရက်ထိ ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် ပင်လုံတွင်ကျင်းပခဲ့သော တိုင်းရင်း သားလူငယ်ညီလာခံသို့ တက်ရောက်ခွင့်ရခဲ့ကြသည့် ကမန်တိုင်းရင်းသား လူငယ်နှစ်ဦး၏ တွေ့ဆုံ ရှင်းလင်းပွဲကို သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲပြုလုပ်သည့် ကမန်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ကိုဆက်ပိုင်စိုးနှင့် မမေမြတ်မွန်တို့ ဖြစ်ကြပြီး ရှမ်းပြည်နယ် ပင်လုံတွင်ကျင်းပခဲ့သော တိုင်းရင်း သားလူငယ်ညီလာခံသို့ ရခိုင်မျိုးနွယ်စုဝင် အဖြစ် တက်ရောက်ခွင့်ရခဲ့သဖြင့် အထူးဝမ်းသာကြောင်း ပြောကြားသည်။

ကိုဆက်ပိုင်စိုးက “ကျွန်တော်တို့ တိုင်းရင်းသားလူငယ်ညီလာခံကို ခုလိုရခိုင်မျိုးနွယ်စုဝင်အဖြစ်နဲ့ တက်ခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ တိုင်းရင်းသားပါင်စုံကလည်း လက်ခံပြီး နွေးထွေးစွာဆက်ဆံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကမန် တိုင်းရင်းသားတွေရဲ့ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး နိုင်ငံသား စိစစ်ရေးကဒ်၊ ခရီးသွားလာရေးတွေနဲ့ပတ်သတ်ပြီးမေးမြန်းခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတော် အစိုးရနဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတဲ့ အဖြေမျိုးကိုသာရခဲ့ပြီး အခြား ဖြေရှင်းလို့ ရမယ့် တုန့်ပြန်မှုမျုးတော့ မျိုးမရရှိခဲ့ပါဘူး” ဟု တွေ့ဆုံပွဲတွင် ပြောသည်။

ကမန်တိုင်းရင်းသားများမှာ ရခိုင်မျိုးနွယ်စုဝင်တိုင်းရင်းသားများဖြစ်ပါလျက် ဟိုအရင်က ဖိတ်ကြားခေါ်ယူ ခြင်းမပြု ခဲ့သော် ယခုကဲ့သို့ ပထမဆုံးအဖြစ် အသိအမှတ်ပြုဖိတ်ကြားခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဆက်ပြောသည်။

ညီလာခံတက်ရောက်ခဲ့သူ မမေမြတ်မွန်ကလည်း “ကျွန်မအနေနဲ့ကတော့ ပထမဆုံးလည်းဖြစ်တာနဲ့အညီ ရခိုင် တိုင်းရင်းသားမျိုးနွယ်စုဝင်တွေအားလုံးကအသိအမှတ်ပြု ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးဆက်ဆံတဲ့အတွက်ဝမ်းသာ ပါတယ်။ ကျွန်မတို့ကမန်တိုင်းရင်းသားကို နှစ်ပေါင်းအတော်ကြာစနစ်ဆိုးတွေက လူမသိအောင်ဖုန်းဖိခံလာရပါတယ်။ အခုအချိန်တိုင်းရင်းသားပေါင်းစုံသိအောင် ကမန်ဟာ ရခိုင်မျိုးနွယ်စုဝင်ပါဆိုတာကိုချပြခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” ဟုနိရဉ္ဇရာသိုပြောသည်။

အခုလက်ရှိဖြစ်ပျက်နေသည့် ခိုးဝင်ဘင်္ဂလီများနှင့် ကမန်လူမျိုးမှာ မည်သို့မှ မဆိုင်ကြောင်း ယဉ်ကျေးမှုကပင်အစ ဘာမှမတူညီကြောင်း ဆက်ပြောသည်။

“ကျွန်မတို့ ကမန်ရွာတွေအိမ်တွေ အလေ့အထတွေကိုလာကြည့်ပါ။ ရခိုင်အတိုင်းပါဘဲ။ ဘာမှမကွာဘာဘူး၊ စကားသံကပင်အစ ရိုးရာအ၀တ်အစားလည်းအတူတူနီးပါးပါဘဲ။ ထိမ်းမြားမင်္ဂလာကပင်အစ အတူတူပါဘဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်လောက်ကပင် ရခိုင်ဘုရင်ထံတွင်စစ်မှူးထမ်းလာတဲ့ ရခိုင်မျိုးနွယ်စုဝင် လေးသမား ကမန်လူမျိုးတွေပါ။ ခိုးဝင်ဘင်္ဂလီနဲ့လည်း ကိုးကိုယ်ရာဘာသာကလွဲလို့ အားလုံးကွဲပြား ခြားနားပါတယ်” ဟု မမေမြတ်မွန်မှ ဆက်ပြောသည်။

တွေ့ဆုံပွဲ အခမ်းအနားကိုတက်ရောက်လာသည့် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဥက္ကဌ ဦးတင်ငွေကလည်း “ ကခုလို ရခိုင်မျိုးနွယ်စုဝင်အဖြစ် ကမန်တိုင်းရင်းသားတွေပါတက်ရောက်ခွင့်ရတာ ၀မ်းသာမိပါတယ်။ ကျွှန်တော်တို့ ကမန်တိုင်းရင်းသားတွေဟာ စနစ်တစ်ခုရဲ့အောက်မှာ ဘာသာရေးအရ ခွဲခြားခြင်းခံခဲ့ရပါတယ်။ ခွဲခြားခြင်းခံရတာကိုအပြစ်မပြောလိုပါ။ ခုအချိန်မှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေကို လက်တွဲ ဖေးမပေးဖို့ လိုအပ်နေပါပြီ။ ကမန်တွေဟာ ခေတ်အဆက်ဆက် ရခိုင်ဘုရင်လက်ထက်ကပင် ဘယ်တော့မှသစ္စမဖောက်ခဲ့ ပါဘူး” နိရဉ္ဇရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ကမန်တိုင်းရင်းသားများမှာ စစ်တွေ၊ ရမ်ဗြဲ၊ သံတွဲ မြို့နယ်တို့တွင် အများစုနေထိုင်ပြီး လူဦးရေ ၇ သောင်းခန့်သာရှိကြောင်းသိရသည်။

ပင်လုံ တိုင်းရင်းသား လူငယ် ညီလာခံသို့ တိုင်းရင်းသားလူမျိုး ၂၆ မျိုးမှ လူငယ် ကိုယ်စားလှယ်ပေါင်း၅၈၀၊ လေ့လာစောင့်ကြည့်သူ ၇၀ ကျော်တက်ရောက်ခဲ့သည်။ ၎င်းညီလာခံသို့ ရခိုင်တိုင်းရင်းသာ မျိုးနွယ်စုဝင် ၇ မျိုးမှ လူငယ် ၃၇ ယောက်၊ လေ့လာသူ ၆ ယောက်၊ စုစုပေါင်း ၄၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: