Tuesday, August 9, 2016

သြဂုတ် ၈ ရက်ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန်တောင်းဆို

ထွန်းထွန်း


စစ်အစိုးရကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ဖြစ်သည့် သြဂုတ်လ ၈ ရက်ကို မြန်မာဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် ၈၈ မျိုးဆက်ကျောင်းသားများက အစိုးရကို တောင်းဆိုလိုက်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ ဓမ္မပီယရိပ်သာ၌ ပြုလုပ်သည့် “၂၈” နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားတွင် တက်ရောက်လာကြသည့် ၈၈ မျိုးဆက် ကျောင်းသားများက ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုမြအေးက “ဒီနေ့ ဒီလိုအခြေအနေတွေ ဖြစ်လာတာ ရှစ်လေးလုံးအရေးတော်ပုံက စတင်ခဲ့လို့ပါ။ အစိုးရအနေနဲ့ ဥပဒေတွေနဲ့ မသတ်မှတ်ပေးရင်တောင် ပြည်သူတွေနဲ့ ကျနော်တို့ရဲ့ရင်ထဲမှာ ဒီနေ့ကို မြန်မာ့ဒီမိုကရေစီနေ့လို့ပဲ ခံယူထားတယ်”ဟု ပြောသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် စတင်ခဲ့သည့် အရေးတော်ပုံကြီးသမိုင်း၌ ကျောင်းသားပြည်သူတရပ်လုံး ပါဝင်ကာ တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြသည့် အထင်ကရနေ့ရက်တခုဖြစ်ပြီး ယနေ့ကျင်းပသည့် အခမ်းအနားသည် အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပသည့်ပွဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ကျင်းပခဲ့သော “၂၅” နှစ်မြောက် ရှစ်လေးလုံးငွေရတုနှစ်ပတ်လည်တွင် ကိုယ့်ကံကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် (သို့) အသစ် ရေးဆွဲရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံကျင်းပရေးစသည့် မူဝါဒ ၃ ရပ်ကို ချမှတ်ခဲ့သည်။

ထိုမူဝါဒများနှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တူညီသော ရည်မှန်းချက်များပေါ်တွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ်မြောက် အခမ်းအနားကျင်းပရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဓိကအချက်မှာ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းရန်ဖြစ်ပြီး ၎င်းအခြေခံဥပဒေအတိုင်း ဆက်လက်လုပ်ကိုင်ပါက မျှော်လင့်ထားသည့် ဒီမိုကရေစီစနစ်ကို မရနိုင်ကြောင်း ၁၉၆၀-၁၉၆၄ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှရွှေက ပြောသည်။

ဦးလှရွှေက “ကျနော့်တယောက်ထဲသဘောကတော့ နေ့သတ်မှတ်ဖို့ တောင်းဆိုနေဖို့ မလိုပါဘူး။ ပြည်သူတရပ်လုံးကလည်း သူ့သဘောနဲ့သူ အာဏာရှင်ကို တွန်းလှန်ဖို့ ပါဝင်ခဲ့ကြတာပဲ။ ကျနော်အနေနဲ့ ဇူလိုင် ၇ ရက်ရော ဒီလိုနေ့တွေ ရောက်လာရင် လွတ်လွတ်လပ်လပ် အခမ်းအနားကျင်းပနိုင်တာပဲ”ဟု ဧရာဝတီကို ပြောသည်။

အလားတူ ၁၉၆၂ ခုနှစ် ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုဥက္က ဦးတင်အောင်က ကျောင်းသားမျိုးဆက်များ အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံကို နေ့တနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုမှုသည် ကောင်းမွန်သည့်လုပ်ရပ် ဖြစ်သော်လည်း ယင်းနေ့တွင် မပြီးဆုံးသေးသည့် တာဝန်များကို မည့်ကဲ့သို့ ဆက်လက်လုပ်ဆောင်ကြမလဲ ဆိုသည်ကသာ အဓိကကျကြောင်း ပြောဆိုသည်။

No comments: