ဝဏ္ဏခွာညို
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီကနေ့မွန်လဲပိုင်းက မြောက်ဦးမြို့မှာ ဒေသခံတွေ ရာနဲ့ချီ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ ဦးဆောင်သူ မြောက်ဦးမြို့ ရွှေစည်းဝကျောင်တိုက်ဆရာတော်ဦးဓမ္မပိယက “အချက်နှစ်ချက်နဲ့ဆန္ဒပြတယ်။ ပထမအချက်က အေအယ်လ်ပီ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ဟာ အမှန်တကယ် ပြည်သူတွေခံစားနေရတာ ဖြစ်တယ်။ ဒါတွေတပ်မတော်ကို ထောက်ပြသွားတဲ့ဟာဖြစ်တယ်လို့ အပြည့်အဝယုံကြည့်တဲ့အတွက်ကြောင့်၊ နောက်တစ်ခါ အဲ့ဒီအမှန်တရားကို တကမ္ဘာလုံးက နိုင်ငံရေးအဖွဲ့အစည်းတွေကို သိစေချင်တဲ့အနေနဲ့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ဒုတိယတချက်က ခိုင်မျိုးထွန်းကိုထောက်ခံတယ်။ ခိုင်မျိုးလုပ်ရပ်တွေက မှန်တယ်။ အစိုးရအနေနဲ့ သူ့ကိုအမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ခိုင်မျိုးထွန်းနောက်မှာ ပြည် သူရှိတယ်။ ခိုင်မျိုးထွန်းကို ပြည်သူတွေထောက်ခံတယ်။ အဲ့ဒီကို အစိုးရကိုသိစေချင်ပါတယ်။”
အမှန်တရားဘက်က တိုက်ပွဲဝင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်သူဘက်ရပ်တည်ခဲ့သူတဦးဖြစ်တာကြောင့် သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ (မြောက်ဦး) မြို့နယ် အထွေထွေအတွင်ရေးမှူး ထွန်နေ၀င်းက ဒီဗွီဘီကိုပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲကို မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှေ့ လူစုပြီး မြောက်ဦးမြို့မဈေး၊ အလယ်ဈေး၊ တောင်ရပ်ကွက်၊ ဝေဈေး၊ မြောက်ဦး အထကအထိ မြို့ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ခိုင်မျိုးထွန်းကို သြဂုတ် ၁၉ ရက်နေ့က စတုတ္ထအကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးနောက် နောက်တပတ်၂၅ ရက်နေ့မှာ သူ့ကို ထပ်မံရုံးချိန်းထားပါတယ်။
No comments:
Post a Comment