Thursday, August 4, 2016

၂၁ ရာစု ပင်လုံ ညီလာခံတွင် လူငယ်များ ပါဝင်သင့် ဟု ဆို

Kachinnews


မကြာမီ အစိုးရ ခေါ်ယူကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ တွင် လူငယ်များလည်း ပါဝင်သင့်ကြောင်း ပင်လုံ တိုင်းရင်းသား လူငယ်များ ညီလာခံမှ သဘောတူလိုက်ပါသည်။

၂၁ ရာစု ပင်လုံ ညီလာခံသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သင့်ကြောင်း နှင့် လူငယ်များ ပါဝင် သင့်သည့် အကြောင်းကို ဇူလိုင် ၂၇ မှ သြဂုတ် ၁ ရက်ထိ ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံက သဘောတူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမည့် ညီလာခံသည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် ဆွေးနွေးပွဲဖြစ်သည့်အလျှောက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန်အတွက်လည်း ဖောပြ ထားပါသည်။

ထို့ကြောင့်လည်း ယင်း ၆ ရက်ညီလာခံအပြီး ‘မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့’ ကို ဗဟိုအလုပ်မှုဆောင် (၂၆)ဦးနှင့် အဖွဲ့ဝင် (၇၈) ပါဝင်ပြီး ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုထားပါသည်။

အဆိုပါ မဟာမိတ်အဖွဲ့ကို ညီလာခံတက်ရောက်ခဲ့သည့် လူမျိုး ၂၆ မျိုးမှ ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၄င်းတို့သည် ဖယ်ဒရယ် ပြည်ထောင်စုစနစ် ရရှိရေးနှင့် ညီလာခံမှ သဘောတူ ချမှတ်ထားသော လုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပါဝင် လုပ်ဆောင်မည့် သူများ ဖြစ်ကြောင်း သိရသည်။

ညီလာခံကို မူလက ဇူလိုင် ၂၇ မှ ၃၁ အထိ ကျင်းပရန် စီစဉ်ခဲ့သော်လည်း အမှန် သြဂုတ် ၁ရက်နေ့မှ နိဂုံးချုပ် နိုင်ခဲ့ပါသည်။

ပထမအကြိမ် တိုင်းရင်းသား လူငယ်များ ညီလာခံကို ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျင်းပခဲ့ပြီး မျိုးနွယ်စုပေါင်း ၂၆ မျိုးမှ ကိုယ်စားလှယ် ၅၂၄ ဦး၊ လေ့လာသူ ၈၆ ဦးနှင့် ကော်မတီဝင်များ၊ ဦးဆောင်သူ ၁၅၂ ဦး အပါအဝင် စုစုပေါင်း ၇၆၄ ဦး တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရပါသည်။

No comments: