နန်းဝေဖြိုးဇာ
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်သူများ အမှုဆောင်အဖွဲ့ Hydropower Developers’ Working Group (HDWG)ကို ဖွဲ့စည်းမည့်အပေါ် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်(Save The Salween Network)က စိုးရိမ်သည်ဟု သြဂုတ်လ ၁၈ရက်နေ့တွင် သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖွဲ့စည်းမည့် HDWG ကို နိုင်ငံတကာငွေကြေးအဖွဲ့(IFC)နှင့် တရုတ်ရင်းနှီးမြုပ်နှံသူအဖွဲ့များက ထောက်ပံ့သွားမည်ဖြစ်ပြီး “စီးပွားရေးလုပ်ငန်း လည်ပတ်မှု တိုးတက်ကောင်းမွန်ရေး တစ်ခုတည်းသာ” အဓိက ရည်ရွယ်ပြီး ဖွဲ့စည်းမည်ကို တွေ့ရှိရသည့်အ တွက် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်၏ ပြောခွင့်ရတစ်ဦးဖြစ်သူ စောသာဘိုးက “IFC ကနေပြီးတော့ HDWG ကို ဖွဲ့စည်းဖို့ ဆွေးနွေးထားတယ်။ အဓိက ဘာကို တွန်းအားပေးလည်းဆိုတော့ မဟာဗျူဟာကျသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့် ကြည့်ရေးကို အသုံးချပြီးတော့မှ ရေအားလျှပ်စစ်ဆောက်ဖို့ကို တွန်းအားပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒါကို ကျနော်တို့က မဖြစ် သင့်ဘူးလို့ စိုးရိမ်တယ်။ အဲဒါကို သဘောထားထုတ်ပြန်တာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
HDWG ကို ဖွဲ့စည်းမည့် နိုင်ငံတကာငွေကြေးအဖွဲ့(IFC) သည် မြန်မာနိုင်ငံ အနာဂတ်ရေအားလျှပ်စစ် စီမံကိန်းများအတွက် ရည် ရွယ်ပြီး လေ့လာဆန်းစစ်မှုများကို အကြမ်းအားဖြင့် ဖော်ပြထားချက်ရှိသော်လည်း ဒေသခံလူထုကို ကာကွယ်ခြင်းနှင့် လေးစား ခြင်း စသည့်ရရှိပိုင်ခွင့်များကို အာမခံနိုင်ရန် ဆန်းစစ်ချက်တစ်ခုလုံးနှင့် ပတ်သက်၍ လူထုနှင့်တွေ့ဆုံညှိနှိုင်းရန် အစီအစဉ်ကို ဖော်ပြထားခြင်းမရှိဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ထိခိုက်မှု အကြို ဆန်းစစ်လေ့လာထားခြင်းနှင့် ပတ်သက်၍လည်း IFC မှ လုပ်ဆောင်ရန် ကြိုးပမ်းထားသည့် စီမံကိန်း များသည် လက်တွေ့ကျစွာ ထိခိုက်မှုနည်းစေပြီး အဖက်ဖက်မှ ရေရှည်တည်တံ့သည့်နည်းဖြင့် မည်သို့လုပ်ဆောင်မည်ကို ဆန်း စစ်လေ့လာခြင်းမဟုတ်ဘဲ စီမံကိန်းနှောင့်နှေးကြန့်ကြာမှုနှင့် အကုန်အကျ မြင့်မားမှုကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ထားခြင်းသာ တွေ့ရှိရသည်ဟု သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ပြောဆိုသည်။
အဆိုပါကွန်ရက်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သြဂုတ်လ ၁၇ရက်နေ့ကလည်း အိတ်ဖွင့်စာ တစ်စောင် ပေးပို့ခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေးအ တွက် သံလွင်မြစ်ပေါ်ရေကာတာများ ဆက်လက် တည်ဆောက်မည့် အစီအစဉ်များအားလုံးကို ချက်ချင်း ပြန်လည်ရုတ်သိမ်းရန် တိုက်တွန်းတောင်းဆိုခဲ့သည်။
သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်(Save The Salween Network)သည် မြန်မာနိုင်ငံအတွင်းရှိ သံလွင့်မြစ်ချောင်းပေါ် တည်ဆောက်ရန် ကြိုးပမ်းနေသည့် အထက်သံလွင်ဆည်၊ တာဆန်းဆည်၊ ရွာသစ်ဆည်၊ ဒါးဂွင်ဆည်၊ ဝဲကြီးဆည်နှင့် ဟတ်ကြီး ဆည်တို့ကို စောင့်ကြည့်နေသည့် ကွန်ရက်တစ်ခုဖြစ်သည်။

No comments:
Post a Comment