Wednesday, August 3, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း

ဖနိဒါ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ရှေ့လုပ်ငန်းစဉ် ၇ ရက်ကို ချမှခဲ့သည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းလူငယ်ကိုယ်စားလှယ် ခွန်ဦးက ပြောသည်။

၆ ရက်ကြာ ကျင်းပခဲ့သော ညီလာခံမှ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ် ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အဆိုပါ အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့တွင် လူမျိုးစုပေါင်း ၂၆ မျိုးမှ ကိုယ်စားလှယ် ၃ ဦးစီဖြင့် ဗဟို ကော်မတီဝင် ၇၈ ဦး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၂၆ ဦးနှင့် လုပ်ငန်းစုအဖွဲ့ ၇ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“ဒီသက်တမ်းတခုမှာ လုပ်ဆောင်ဖို့အတွက် မဟာဗျူဟာလုပ်ငန်းစဉ်တွေ အရင်စွဲမယ်။ မူဝါဒတွေကို ချမှတ်မယ်။ ပြီးရင် ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၇ ချက်ကို ကော်မတီဖွဲ့ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်။ တဖက်မှာလည်း အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်တာတွေ၊ လူထူတွေနဲ့ ပညာပေးလုပ်ငန်းပဲပြောပြော၊ မှတ်တမ်းတင်တဲ့ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားဖို့ အသေးစိတ်တော့ မဟာဗျူဟာလုပ်ငန်းစဉ်ရေးဆွဲပြီးမှ သိရမယ်”ဟု ပအိုဝ်းလူငယ် ခွန်ဦးက ပြောသည်။

ညီလာခံမှ အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေရေး ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ၊ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ၊ ပြန်လည်နေရာ ချထားရေး- IDPs/ Refugees ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီးမြှုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေးကော်မတီနှင့် တိုင်းရင်းသားရေးရာ ကော်မတီ (တိုင်းရင်းသားလူငယ်ရေးရာမူဝါဒ) စသည့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့သည်ဟု သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကြာမည် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ညီလာခံ)တွင် နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များကို ပါဝင်စေလိုကြောင်း ခွန်ဦးက ပြောသည်။

“ဒီညီလာခံက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်တယ်။ အာမခံချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေပေါ့နော်။ ဒီဖြစ်စဉ်မှာ အနုတ် လက္ခဏာပဲဆောင်ဆောင် လူငယ်တွေက ဒီ process တွေမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ လိုအပ်တယ်။ ၁ အချက်က လာမယ့်အနာဂတ်မှာ လူငယ်တွေ ဆက်လက်ပြီးတော့ တာဝန်ယူမဲ့ ကိစ္စရပ်မှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ပေးမှုအပိုင်းရှိဖို့ လိုတယ်။ ၂ အချက်က သမိုင်းအစဉ်အဆက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေ အရပ်ရပ်တွေကို လူငယ်တွေ သိဖို့လိုတယ်။ နားလည်ဖို့ လိုတယ်။ ရှေ့ဆက် လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့လည်းလိုတယ်ပေါ့”ဟု သူက မဇ္စျိမကိုပြောသည်။

ယင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ ညီလာခံ)သည် နိုင်ငံရေး ပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုကို ရပ်တန့်ရန်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များ ပါဝင်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ တဝဏ်လွှာများ ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးနွေးခြင်း၊ တိုင်းရင်းသား လူမျိုး ၂၆ မျိုးမှ စာတမ်း ၂၂ စောင်ဖတ်ကြားတင်သွင်းခြင်းများ ပြုလုပ်၍ ဆွေးနွေးခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးကာလတွင် အကြီးစားသယံဇာတ ထုတ်လုပ်သုံးစွဲမှု စီမံကိန်းများ အားလုံးကို ရပ်တန့်ထားရန် သဘောတူခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“ငြိမ်းချမ်းရေးကိစ္စရပ် ဖြစ်ရတဲ့အကြောင်းအရင်းကလည်း သယံဇာတကိစ္စ ပါဝင်တယ်လို့ ညီလာခံနေ သုံးသပ်တယ်။ မူဝါဒ မခိုင်မာဘဲနဲ့ သယံဇာတ အကြီးစားတွေ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်လာမည့် မျိုးဆက်အတွက် ဘာမှ မကျန်တော့ဘဲနဲ့ လူငယ်တွေ ဘယ်လို ရပ်တည်သွားမလဲဆိုတဲ့ဟာမျိုးကအစ လူငယ်တွေ အခန်းကဏ္ဍက အရေးကြီးတယ်ပေါ့”ဟု ခွန်ဦးက ဆက်လက် ပြောဆိုသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဟာဗျူဟာ လုပ်ငန်းစဉ် ရေးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ယခု ကျင်းပခဲ့သော ညီလာခံသည် လူငယ်များအတွက် စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသော်လည်း လူငယ်များအတွက် တွေ့ဆုံဆွေးနွေးမှုအပေါ် အားရကျေနပ်မှု ရှိခဲ့သည်ဟု ခွန်ဦးက ပြောသည်။

ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ ရက်ထိ ခြောက်ရက်ကြာ ကျင်းပသော ညီလာခံတွင် တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စုပေါင်း ၂၆ မျိုးမှ ညီလာခံ ကိုယ်စားလှယ်ပေါင်း ၅၂၄ ဦး၊ လေ့လာသူပေါင်း ၈၆ ဦး၊ ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း ၁၅၂ ဦးတို့ အပါအဝင် စုစုပေါင်း ၇၆၄ ဦ တက်ရောက်ခဲ့သည်ဟု သိရသည်။

No comments: