အောင်သူရ
ယခုအစိုးရသက်တမ်းအတွင်း Home Stay (ရပ်ရွာလူထုနေအိမ်များတွင် ကမ္ဘာလှည့်ခရီးနေထိုင်တည်းခိုခြင်း) ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် အစီအစဉ်များ ချမှတ်လုပ်ဆောင်နေသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင့်သွင်က သြဂုတ်လ ၂ရက်နေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ညီလာခံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ ဥပဒေအသစ် ပြဌာန်းပြီးသွားပါပြီ၊ ဒီအထဲမှာ ဖြစ်နိုင်ခြေရှိပြီးဆက်စပ်ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ လုပ်ငန်းစဉ်တွေအားလုံးနဲ့ လုပ်ပိုင်ခွင့်တွေအားလုံး ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ Bed and Breakfast ကနေစလို့ Home Stay အပါအ၀င် နောက်တစ်ခါ Tourism Products ရဲ့ အားလုံးရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်”
ထိုကဲ့သို့ Home Stay ခရီးသွားလုပ်ငန်းကို ယခုအစိုးရသစ်လက်ထက်တွင် ကောင်အထည်ဖော်သွားမည် ဆိုသော်လည်း ဟိုတယ်နှင့်ခရီးလုပ်ငန်းဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်၍ မရနိုင်သောကြောင့် ဆက်စပ်နေသော ၀န်ကြီးဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ကိုင်ဖို့ လိုအပ်နေသေးသည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကဖြည့်စွက် ပြောဆိုထားသည်။
“Home Stay တကယ်ဖြစ်ပေါ်လာဖို့ဆိုရင် ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းတင် မသက်ရောက်ဘဲနဲ့ သက်ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊သာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြီးရင် ပြည်နယ်တိုင်းဒေသအသီးသီးရဲ့ အစိုးရတွေနဲ့ ဘာသာရေးအသိုင်းအ၀န်းတွေ ညှိနှိုင်းပေါင်းစပ်ပြီးရလာတဲ့ အဖြေတစ်ခုရလာပြီးတော့မှသာလျှင် မူဝါဒအားဖြင့် ချမှတ်နိုင်မှာပါ။ ဒါကိုလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ကတော့ ရှေ့လျှောက် ညှိုနှိုင်းပေါင်းစပ်ပြီးတဲ့နောက် နိုင်ငံတော်ကအတည်ပြုသတ်မှတ်ပြီးမှသာလျှင် ကျွန်တော်တို့ ထုတ်ပြန်မှာဖြစ်ပါတယ်”
၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအနေနှင့် Home Stay ခရီးသွားလုပ်ငန်းကိုအကောင်အထည်ဖော်ရန် သတ်မှတ်ထား ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏လက်ရှိတည်ဆဲဥပဒေများဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဥပဒေနှင့် ပြည်ထဲရေးဥပဒေများတွင် Home Stay နေထိုင်ခွင့်ပြုဖို့အတွက် ပြဌာန်းထားသည့် အချက်အလက်များမရှိသေးကြောင်းသိရသည်။ မြန်မာနိုင်ငံအစိုးရအနေနှင့် Home Stay အမျိုးအစားခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုအတွက် ဖြစ်သင့်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် လက်ခံထားပြီးပြီဆိုသော်လည်း ယဉ်ကျေးမှုနှင့် အခြားဆက်စပ်နေသည့် လူမှုရေး၊ လုံခြုံရေးကိစ္စရပ်များကြောင့် စိတ်ရှည်သီးသည်းခံရန်လိုအပ်နေသည်ဟုဟိုတယ်နှင့် ခရီးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများသည် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးအသွင်ကူးပြောင်းရေးမျှော်လင့်ချက်များနှင့်အတူဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၄ သန်းကျော်ဝင်ရောက်ခဲ့သည်ဟု အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
တစ်ဆက်တည်းမှာပင် ယခင်အစိုးရလက်ထက် သက်တမ်းကုန်ဆုံးကာနီးအချိန်ဖြစ်သည့် ၂၀၁၅ ခုနှစ် နောက်ဆုံးလများတွင် မြန်မာနိုင်ငံ၏ အဓိကခရီးသွားမှတ်တိုင်နေရာများနှင့် ဆက်စပ်ပြီးလူထု အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) လုပ်ငန်းများသည်လည်း နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ-INGOsများ ပုဂ္ဂလိကခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနတို့၏ ပူးပေါင်းမှုနှင့် အကောင်အထည်ပေါ်လာသည်များလည်းရှိသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဇုန် (မကွေးတိုင်းဒေသကြီး-မြိုင်မြို့နယ်) ရှိ Action Aid Myanmar က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွားလုပ်ငန်း၏ အပူပိုင်းဇုန် မန်နေဂျာဖြစ်သူ ဦးအောင်မင်းနိုင်က မဇ္ဈိမ၏ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမေးမြန်းချက်များအရ သူတို့အနေနှင့် Home Stay အမျိုးအစားခရီးသွားလုပ်ငန်းကို ယခုနှစ်အကုန်တွင် စတင်နိုင်ရန် သုံးသပ်ထားပြီး အစိုးရသစ်ဘကလည်း ခွင့်ပြုပေးနိုင်ရန် မျှော်လင့်နေသည်ဟုပြောဆိုဖူးသည်။
တစ်ဆက်တည်းမှာပင် Home Stay ခရီးသွားလုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ကိုင်ဖို့လိုအပ်နေပြီး ကျေးလက်ဒေသနေပြည်သူများက လက်ခံနိုင်မည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးအပိုင်းက သုံးသပ်မှုများလည်းရှိနေသည်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း-(ပုဂံဇုန်)၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်ဝိတ်က မဇ္ဈိမ၏ အစောပိုင်းမေးမြန်းမှုများတွင်လည်းအစိုးရသစ်အနေနှင့် Home Stay ကဲ့သို့ လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် စိုးရိမ်စိတ်မလွန်ကဲရန် ပြောဆိုထားဖူးသည်။
“ကျွန်တော်တို့လူကြီးတွေကစိုးရိမ်းမှုတွေသိပ်ပြီးများနေပါတယ်။ ရှိတာကိုတော့ အပြစ်မဆိုလိုပါဘူး၊ အရမ်းများနေရင်တော့ ကျွန်တော်တို့လှမ်းရမယ့်ခြေလှမ်းတွေကတုန့်နှေးသွားလိမ့်မယ်။ နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေနဲ့ အမှီလိုက် မယ်ဆိုရင် အစွန်းရောက်တဲ့စိုးရိမ်မှုတွေကို ကျွန်တော့်အနေနဲ့ မဖြစ်စေချင်ပါဘူး”
အစိုးရသစ်အနေနှင့် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ကို ရရှိလာပြီးရက် ၁၀၀ စီမံကိန်းတွင်လည်းဟိုတယ်နှင့် ခရီးဝန်ကြီးဌာနအနေနှင့် ဒေသခံပြည်သူများအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းစေပြီးသိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုကိုအချိန်တိုအတွင်းရရှိစေနိုင်ရန် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(Community Based Tourism-CBT) ကနဦးစီမံကိန်း ၆ ခုကိုအကောင်အထည်ဖော်ရန် လုပ်ဆောင်လျက်ရှိသည်ဟုပြောဆိုထားဖူးသည်။
ယင်း Home Stay အမျိုးအစားခရီးသွားလုပ်ငန်းနှင့် အခြေအနေချင်းနီးစပ်တူညီသည့် CBT ခရီးသွားလုပ်ငန်းများအနေနှင့် ဟိုတယ်နှင့် ခရီးလုပ်ငန်းဝန်ကြီးဌာန၏ Master Plan ထဲတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးသက်လွင်တိုးက “အခုလောလောဆယ် ဈေးကွက်အနေနဲ့က အကန့်အသတ်ပဲ ဖြစ်နေသေးတယ်ပေါ့နော်၊ အမြောက်အများလည်း မလုပ်သင့်သလိုတကယ့် လုံလောက်တဲ့ နေရာတွေမှာ အခြေအနေတစ်ခုအနေနဲ့ လုပ်မယ်ဆိုရင်လည်းအောင်မြင်မှာပါ” ဟုမဇ္ဈိမ၏ CBT လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် အမြင်နှင့် ပတ်သတ်သည့် မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
No comments:
Post a Comment