Tuesday, August 9, 2016

KBC က ‘၂၁ ရာစု ပင်လုံ’ ကို ယခင် ကတိက၀တ် အတိုင်းပဲ ဖြစ်စေ လို

Kachinnews


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ အနေဖြင့် ‘၂၁ ရာစု ပင်လုံ’ ညီလာခံ ကို ယခင် ‘ပင်လုံ စာချုပ် ကတိကဝတ် အတိုင်းပဲ’ အကောင်အထည်ဖော်နိုင်ရေးကို အထူး ဆုတောင်း ပေးကြရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က သြဂုတ် ၅ ရက်နေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယခု နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်သည့်အချိန် အထိ ကချင်ဒေသ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း အကြီးဆုံး ကချင် အသင်းတော် KBC ၏ ကချင် ဘာသာ ကြေညာချက် က ထောက်ပြပါသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ နေရာအရပ်ရပ်တွင် ရောက်ရှိနေကြသော ကချင်အမျိုးသားများ အနေဖြင့် လက်ရှိ အစိုးရ၏ ကချင် ထိုးစစ် ကို တိုက်လှန်နိုင်ရန် ဆုတောင်း ရမည်ဟု ဆိုထားသည်။

တပ်မတော်နှင့် အစိုးရ၏ လျစ်လျူရှု ခံနေရဆဲဖြစ်သည့် ‘ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် ခမရ ၅၀၃ စစ်သားများ၏ အုပ်စုလိုက် အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် KBC စေတနာ့ ဝန်ထမ်းဆရာမ ၂ ဦး အမှုနှင့် ပတ်သက်ပြီး တရားမျှတမှု အမြန်ပေါ်ထွက်လာရန်နှင့် ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ အပေါ်’ ဆက်လက် ဆုတောင်း ပေးကြရန် ထည့်သွင်း ထားပါသည်။

ဆက်လက်ပြီး ကချင်ဒေသ တစ်ကျော့ ပြန်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည်များ၏ အနာဂတ် အရေး နှင့် ကချင်အမျိုးသားများ လက်ရှိ တွေ့ကြုံခံစား နေရသော ပြဿနာ အခက်အခဲများမှ လွတ်မြောက်နိုင်ရေး အတွက်လည်း ဆုတောင်း ကြရန် KBC က တိုက်တွန်း နိုးဆော်ထား ပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံ’ ကို ယခုလ ကုန်ပိုင်း ကျင်းပရန်ကြိုးပမ်းနေစဉ် တပ်မတော်က KIA ကို ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ်တွင် ယခု လဆန်းပိုင်းမှ ထိုးစစ်ဆင် တိုက်ခိုက် နေပါသည်။

No comments: