Saturday, August 27, 2016

လိုင်ဇာ အနီး KIA စခန်းများ ကို အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်

Kachinnews


ကချင်ပြည်နယ် အရှေ့ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် Laiza (လိုင်ဇာ) ပတ်ဝန်းကျင်ရှိ KIA ရှေ့တန်းစခန်းများ ကို မြန်မာ အစိုးရတပ်များ ယမန်နေ့ သြဂုတ် ၂၄ ည တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

ယခင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် စခန်းများ ရှိသည့် Hka Ya Bum (ခရာဘွမ်)၊ Hpun Pyen Bum နှင့် Nam San Yang ကျေးရွာ ရှိ အစိုးရတပ်များမှ လက်နက်ကြီးများကို လိုင်ဇာ ပတ်ဝန်းကျင် KIA စခန်းများကို ချိန်ရွယ် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရပ်ကွက် က ဆိုပါသည်။

ည ၆ နာရီမှ ၉ နာရီကြား ပစ်ခတ်မှုတွင် KIA ဘက် ထိခိုက်မှု မရှိကြောင်း လိုင်ဇာမှ KIA ဗဟို ဌာနချုပ် လုံခြုံရေး တပ်ဖွဲ့ အရာရှိတဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

KIA ဘက်မှ လက်နက်ကြီးဖြင့် တုံ့ပြန် ပစ်ခတ်မှု မရှိကြောင်း သိရသည်။

အစိုးရက နိုင်ငံတော် အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ကို စတင် ကျင်းပရန် ၇ ရက် အလိုမှာ တပ်မတော် ဘက်မှ လိုင်ဇာ ပတ်ဝန်းကျင် KIA စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခင် အစိုးရများ နည်းတူ ‘စစ်ရေး အရ’ KIO ကို ဖိအားပေးခြင်းသည် မည်သည့် အကျိုးရလဒ်မှ ရမည် မဟုတ်ကြောင်း လိုင်ဇာ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

No comments: