Friday, August 26, 2016

ကန်ပိုင်တီ လမ်းကြောင်းမှာ အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေ

Kachinnews


မြစ်ကြီးနား-ကန်ပိုင်တီ ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင် မြန်မာ အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပါသည်။

ကန်ပိုင်တီလမ်းမ အနီးနှင့် ဆဒုံ (Sadung) ဒေသ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) စခန်းများကို တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် အပတ်မှ နှစ်ဖက် တိုက်ပွဲများ ဖြစ်လာသည်။

KIA တပ်ရင်း (၃) ၏ တရုတ် နယ်စပ်အနီး မဟာဗျူဟာကျသော ငွားလေး (Ngwa Le) စခန်းနှင့် ဆဒုံ (Sadung) မြို့အနီး Bum Sen စခန်း နှင့် Lai Hpawng Bum စခန်း (၃)ခုကို တပ်မတော် စစ်ကြောင်းများ အင်အား အလုံးအရင်းနှင့် တိုက်ခိုက်နေသည်ဟု ဆဒုံ ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယမန်နေ့ သြဂုတ် ၂၂ ရက်က Sadung အထက် ၅ မိုင်ခန့် Mang Shang Kahtawng (မန်ရှန်ရွာ) အနီးနှင့် Bum Sen တောင် ဘက်တွင် အစိုးရတပ်နှင့် KIA တပ်ရင်း (၃) တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

တချိန်ထဲမှာ တပ်မတော်က မြစ်ကြီးနား၊ ၀ိုင်းမော် ဘက်မှ လက်နက်ကြီးများနှင့် စစ်သားများကို အရပ်ဝတ်ဖြင့်လည်း ၎င်းဒေသများသို့ ပို့ဆောင်နေသည်ဟု ဒေသခံများ ပြောဆိုနေကြပါသည်။

KIO ဗဟိုဌာနချုပ် လုံခြုံရေး စိုးရိမ်တရုတ်နယ်စပ် တလျှောက် KIO ဗဟိုဌာနချုပ် နယ်မြေ Laiza (လိုင်ဇာ)၊ Nahpaw-Pajau Bum (နဖေါ့-ပါဂျောင်ဘွမ်)၊ Hpalap Bum နှင့် Laisin Bum (လိုင်စင်ဘွမ်) များနှင့် ဆက်စပ်နေသည့် Sadung (ဆဒုံ) ဒေသ KIA တပ်ရင်း (၃) ကို အစိုးရတပ် စစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပါသည်။

ယခုလို တပ်မတော်၏ တိုက်ခိုက်မှုသည် ‘မိမိတို့ ဗဟို ဌာနချုပ် နယ်မြေ လုံခြုံရေး အတွက် စိုးရိမ် ရကြောင်း’ Laiza မှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို ယနေ့ ပြောပါသည်။

ကန်ပိုင်တီဒေသ နေပြည်တော် သစ္စာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် တပ်ဖွဲ့များ ကိုလည်း ‘စစ်ရေးအရ အသင့်ရှိရန်’ တပ်မတော်မှ ညွှန်ကြားထားကြောင်း ဒေသခံ သတင်းရပ်ကွက်များမှ သိရသည်။

ရွာသားများ တရုတ်နယ်စပ်သို့ ထွက်ပြေး

လွန်ခဲ့တဲ့ အပတ် တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာချိန်မှ ရွာသားများ တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင် နေပါသည်။

တိုက်ပွဲ ဖြစ်ပွားသော ဒေသများမှ ရွာသားများသည် နယ်ခြားမှတ်တိုင် ၆၊ ၇ နှင့်နီးသော တရုတ်ဘက်ခြမ်းမှာ ခိုလှုံနေရသည်ဟု ဆဒုံးမြို့ မှ ဦး ခမ်းရောဒ့် က ပြောပါတယ်။

‘ချန်းမော်ခန် နဲ့ ဘူခန် ရွာ ၂ ခုကနေ လူဦးရေ ၂၀၀ ကျော် အားလုံးဟာ တရုတ်ပြည်ဘက်ခြမ်းမှာ ထွက်ပြေးနေရတယ်လို့ ပြောလာတယ်။ စစ်ပြေးတွေရဲ့ အစားအသောက် အတွက်ကတော့ ဖြစ်သလို ပဲ စီစဉ်နေတယ် ဟိုမှာက ကူညီမယ့်သူ မရှိသေးဘူး ဆိုတော့။”

ထို့ အပြင် အစိုးရတပ်မှ KIA တပ်ရင်း ၃ ငွားလေး (Ngwa Le) စခန်းကို လက်နက်ကြီးများနှင့် ပစ်ခတ်မှု မကြာခဏ ပြုလုပ်နေကြောင်း သူက ဆိုပါသည်။

ဆဒုံး၊ ကန်ပိုင်တီ ဒေသ ဘက်မှာ တပ်မတော်မှ လက်နက်နှင့် စစ်အင်အား တိုးချဲ့နေတဲ့အပြင် ဦးဇခုန် တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့မှလည်း စစ်အင်အား စုစည်းမှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြပါသည်။

No comments: