Monday, August 8, 2016

တနိုင်းမြို့နယ်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ထပ်မံ ဖြစ်ပွား

Kachinnews


အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် ကြား တနိုင်းမြို့နယ်တွင် ယနေ့၊ သြဂုတ် ၄ ရက်နေ့ ထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါသည်။

KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ ရှေ့တန်း လုံခြုံရေး စခန်းရှိသော ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး ချောင်းဆုံ၊ ခ ဒ (Hka Da) ရွှေမှော်ဘက်ကို အစိုးရ စစ်ကြောင်းများ ထိုးစစ် ဆင်လာခြင်းကြောင့် မွန်းလွဲပိုင်းမှစပြီး တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ယခု တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သတင်း ပေးပို့ချက်ကို မသိရ သေးသော်လည်း နှစ်ဖက်တပ် ပစ်ခတ်မှု စတင် ဖြစ်ပွားနေပြီ ဖြစ်ကြောင်းကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပါသည်။

အစိုးရ စစ်ကြောင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ လက်အောက် ခလရ ၁၀၅ နှင့် ၄၇၊ ခမရ ၃၈၁၊ ၃၈၂၊ ၃၉၀ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တပ်များ အပြင် ရှမ်းနီပြည်သူ့စစ်များလည်း ပါဝင်နေသည်ဟု ဒုဗိုလ်မူးကြီး နော်ဘူမှ ကချင်သတင်းဌာန KNG ကို ပြောသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်များအရ ယမန်နေ့ တိုက်ပွဲအတွင်း အစိုးရတပ် အကျအဆုံး များကြောင်း ဆိုပါသည်။

ယမန်နေ့ တိုက်ပွဲ မစမီ သြဂုတ် ၂ ရက်နေ့ တွင်လည်း တပ်မတော်ဘက်မှ KIA စခန်းများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်း မက ရွှေမှော်ရှိ လူများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

နှစ်ရက်ကြာ တိုက်ပွဲ ကြောင့် ရွှေမှော်ရှိ လူ ၂၀၀ ခန့် မှာ ရှထူးဇွပ် (Shahtu Zup) ကျေးရွာ ခရစ်ယာန် အသင်းတော် ဘုရားကျောင်းများတွင် ခိုလှုံနေကြကြောင်း KNG စုံစမ်းသိရသည်။

ယခု တိုက်ပွဲများကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ အဖိုးတန် ပယင်းနှင့် ရွှေ တူးမှော်ခြင်း လုပ်ငန်းများကို ထိခိုက်လာမည် ဖြစ်သည်ဟု ကုန်သည်များ နှင့် ဒေသခံများ ပြောဆိုနေကြပါသည်။

ပြီးခဲ့သည့် ဧပြီလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ တက်လာချိန်မှ ကချင် ပြည်နယ်၏ အဓိက ၀င်ငွေ ရရှိသော ဖားကန့် ကျောက်စိမ်းမှော် နှင့် မံစီမြို့နယ် တရုတ် နယ်စပ် သစ် သယ်ပို့ရေး လမ်းကြောင်းများတွင် အစိုးရတပ်နှင့် KIA တပ် ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားရာမှ ယခု ဟူးကောင်းချိုင့်ဝှမ်းဘက် တိုးချဲ့ ဖြစ်ပွားလာခြင်း ဖြစ်သည်။

No comments: