Sunday, October 30, 2016

ရန်ကုန် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးရေးနှင့် နောက်ကွယ်မှ ကုမ္ပဏီများ

ကျော်ဖြိုးသာ


ယခင်က အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းဝင်ခဲ့သည့် မြန်မာကုမ္ပဏီတခု နှင့် ဆက်သွယ်မှု ရှိသော ကုမ္ပဏီအုပ်စု တခုနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက် (Madeleine Albright) နှင့် ဆက်နွှယ်နေသည့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီတခုတို့ ပူးပေါင်း၍ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းရန် ဆောင်ရွက်ကြတော့မည် ဖြစ်သည်။

National Infrastructure Holdings Company Limited က ဦးဆောင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား မကြာခန ပြတ်တောက်နေခြင်းကို ကာကွယ်ရေး အတွက် ၅ နှစ်တာ ကာလအတွင်းတွင် လျှပ်စစ်ဓာတ်အား ၃၀ဝ မီဂါဝပ်ပိုမို ထုတ်လုပ်ပေးရန် တင်ဒါအောင်မြင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေး လုပ်ငန်း (EPGE) က အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ကုမ္ပဏီ အုပ်စုတွင် ကုမ္ပဏီ ၄ ခု ပါဝင်ပြီး National Infrastructure Holdings Co. Ltd., ၊ MCM Pacific Pte. Ltd ၊ APR Energy Plc. နှင့် ACE Resources Group Pte. Ltd တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က မှတ်ပုံတင်ခဲ့သော National Infrastructure Holdings Co. Ltd., သည် ဦးထွန်းမြင့်နိုင် ခေါ် စတီဖင်လော ပိုင်ဆိုင်သည့် Asia World Co. Ltd., ၏ လုပ်ငန်းခွဲတခု ဖြစ်သည်။ စတီဖင်လော နှင့် Asia World ကုမ္ပဏီ တို့သည် ၂၀ဝ၈ ခုနှစ်မှ စ၍ ယခုလအစောပိုင်းအထိ အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့ကြသည်။

စတီဖင်လော၏ ကွယ်လွန်သူ ဖခင် လော်စစ်ဟန်မှာ မြန်မာ စစ်အစိုးရနှင့် နီးစပ်မှုရှိသည့် သူတယောက် ဖြစ်ခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကမ္ဘာ့ဘိန်းဖြူ ကုန်သွယ်ရေးတွင် အဓိက လူတဦးဖြစ် သတ်မှတ်ဖော်ပြခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

National Infrastructure Holdings Co. Ltd., ၏ လက်ရှိ ဒါရိုက်တာ ဦးမောင်ကျေးသည် စတီဖင်လောနှင့် နီးစပ်သူ တယောက်ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ထုတ်ဝေခဲ့သော အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်အရ ဦးမောင်ကျေးသည် Asia World ၏ ထိပ်တန်း အဖွဲ့ဝင်များထဲမှ တဦး ဖြစ်ခဲ့သည်။

၂၀ဝ ခုနှစ် အောက်တိုဘာလက New Light of Myanmar သတင်းစာမှ သတင်းတပုဒ်တွင် သူတို့ကုမ္ပဏီမှ တည်ဆောက် နေသော ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းခွင်ကို ထိုစဉ်က ကျန်းမာရေး ဝန်ကြီး ဗိုလ်ချုပ် ကက်စိန်နှင့် အတူ လှည့်လည်ကြည့်ရှု့နေသည့် Asia World ၏ ဒါရိုက်တာ တဦးအဖြစ် ဖော်ပြခဲ့သည်။

Asia World ၏ ရှုပ်ထွေးသော နောက်ကြောင်းများကြောင့် အနောက်တိုင်း ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒါရိုက်တာက အခြား အမည်သစ်ဖြင့် ကုမ္ပဏီများ တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

၂၀၁၅ ခုနှစ်တွင် National Infrastructure Holdings ပေါ်ပေါက်လာခဲ့ပြီးနောက် နောက် တနှစ်တွင် ဟော်လန် စွမ်းအင် ကုမ္ပဏီကြီး ဖြစ်သည့် Shell နှင့် ပူးပေါင်း၍ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် စီမံကိန်းတခုကို စတင် လုပ်ဆောင်ခဲ့သည်။

အမေရိကန်နိုင်ငံ Florida ပြည်နယ်၊ Jacksonville တွင် အခြေစိုက်သည့် APR Energy သည် မူလက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ရေတိုအတွင်း အလျှင်အမြန် ဖြည့်ဆည်းပေးနိုင်မည့် ဓာတ်အားပေးစက် များဖြင့် အစိုးရများကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီဖြစ်သည်။

APR Energy က မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပြီး မန္တလေးတိုင်း ကျောက်ဆည် မြို့နယ်တွင် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတခု လုပ်ကိုင်နေခဲ့သည်။

Albright Capital Management (ACM) ၏ ဥက္ကဋ္ဌဖြစ်သော Madeleine Albright သည် ၂၀ဝ၉ ခုနှစ် သြဂုတ်လ ကထဲက APR Energy ၏ အစုရှယ်ယာဝင် တယောက် ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သူ၏ ရင်းနှီးမြှုပ်နှံမှုက သတိထားမိလောက်အောင် တိုးမြင့်လာခဲ့သည်။ ACM သည် APR Energy ကို သိမ်းပိုက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့တခုမှ အဖွဲ့ဝင် တဦးဖြစ်ပြီး ယခုနှစ် အစောပိုင်းတွင် ကုမ္ပဏီကို ပုဂ္ဂလိကပိုင် အဖြစ်ပြောင်းလဲခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် Madeleine Albright သည် မြန်မာနိုင်ငံတွင် စစ် အစိုးရ ခေါင်းဆောင်များက ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးလွတ်လပ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်ခြင်းမပြုလျှင် တိုင်းပြည် အနေဖြင့် အထီးကျန် အခြေအနေကို ဆက်လက် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သော ၁၉၉၅ ခုနှစ်က အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူလည်း ဖြစ်သည်။

အခြေခံအဆောက်အဦ မဖွံ့ဖြိုးမှု၊ ဓာတ်အားပေးစက်များ အိုမင်းဟောင်း နွမ်းနေမှုနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း တို့ကြောင့် ၁၉၉၀ နှောင်းပိုင်း နှစ်များမှ စ၍ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ဆက်လက်ကြုံတွေ့ နေရသည်။ အထူးသဖြင့် မတ်လ နှင့် မေလအတွင်း နွေရာသီတွင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အဓိက အရင်းအမြစ်များထဲမှ တခုဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံများမှာလည်း ပူပြင်းသည့် နွေရာသီတွင် ရေလှောင်တမံများ ခန်းခြောက် ကုန်သည့်အတွက် အသုံးမချနိုင်ခဲ့ပါ။
မြန်မာနိုင်ငံ လူဦးရေ၏ တဝက်ကျော်က ယခုအချိန်အထိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိသေးသော်လည်း ပြည်သူ များက လျှပ်စစ်ဓာတ်အား ကွန်ရက်တွင် ချိတ်ဆက်လာမှု ပိုမိုများပြားလာသည့်အတွက် လျှပ်စစ် ဓာတ်အားလိုအပ်ချက် က နှစ်စဉ် ၄၀ဝ မီဂါဝပ် တိုးလာနေသည်ဟု EPGE က ခန့်မှန်းထားသည်။

ယခုနှစ် ဇူလိုင်လအတွင်းတွင် ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားပေးရေး အတွက် EPGE က တင်ဒါဖိတ်ခေါ်ခဲ့သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား အများဆုံးကို သုံးစွဲနေသည့် နေရာဖြစ်သည်။

ယခုလအတွင်းတွင် နောက်ဆုံး ဆန်ကာတင် ကုမ္ပဏီ ၂ခု အနက်မှ National Infrastructure Holding က ဦးဆောင်သည့် ကုမ္ပဏီအုပ်စုကို ဈေးအချိုဆုံး နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန်အတွက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အနိုင်ရရှိသွားသော အဖွဲ့သို့ လက်ခံကြောင်း စာပေးပို့ထားပြီး လာမည့် နွေရာသီ မတိုင်မီ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရန် ဓာတ်အားဝယ်ယူရေး သဘောတူညီချက် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း” တင်ဒါအောင်မြင်သူကို ထုတ်ပြန်ကြေညာသည့် အချိန်တွင် EPGE က ပြောသည်။

No comments: