Sunday, October 30, 2016

မောင်တောဒေသ ဌာနေတိုင်းရင်းသားများအတွက် အဝေးသင်တက္ကသိုလ်ကျောင်းသားများလှုပ်ရှားမှု ကျပ်သိန်း ၃၀ ကျော် စုဆောင်းကောက်ခံရရှိ

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ စစ်တွေတက္ကသိုလ် (အဝေးသင်) ကျောင်းသား/ ကျောင်းသူများက ဘူးသီးတောင်နှင့် မောင်တော ဒေသရှိ ဌာနေတိုင်းရင်းသားများအတွက် အလှူငွေစုဆောင်းကောက်ခံသည့် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်နေရာ အောက်တိုဘာလ ၂၇ ရက်နေ့ထိ ကျပ်ငွေ သိန်း ၃၀ ကျော် ရရှိခဲ့သည်ဟု သတင်းရရှိသည်။

အဝေးသင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက်သစ်စအဆိုတော်နှစ်ဦးက သီချင်း သီဆို၍ လည်းကောင်း၊ အက ၀ါသနာရှင် ကျောင်းသူတစ်ဦးက ရခိုင်ရိုးရာအကများဖြင့် ကပြ ဖြေဖျော်၍လည်းကောင်း စစ်တွေမြို့ကို ပတ်ပြီး လူပ်ရှားမှု ပြုလုပ်ရာ အောက်တိုဘာလ ၂၇ ရက်နေ့နေထိ ကျပ်ငွေ ၃၇၇၇၄၅၀ စုဆောင်း ကောက်ခံရရှိထားကြောင်း သိရသည်။

လှုပ်ရှားမှု ပြုလုပ်ရတွင် ပါဝင်သူ သမိုင်းမေဂျာ နောက်ဆုံးနှစ် ကျောင်းသူ စိုးရတနာထွန်းက “ ဘူးသီးတောင်နဲ့ မောင်တောဘက်မှာ ပိတ်မိနေတဲ့ ဌာနေတိုင်းရင်းသားတွေဟာ အစားအသောက် အနေအထိုင် အခက်အခဲတွေ ကြုံနေကြရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်က အကူအညီပေးနိုင်ဖို့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က အဝေးသင် တက္ကသိုလ်ကျောင်းသားတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့က လောကနန္ဒာမှာ စုရုံးပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီးတော့ ဒီအလှူငွေ ကောက်ခံတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်မတို့ ၁၇ မြို့နယ်က အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ ဆုံတယ်ဆိုတာလည်း ဒီတစ်လပဲ ရှိတယ်ဆိုတော့ ဆုံတဲ့လမှာပဲ သင့်တော်တဲ့ လှုပ်ရှားမှုတွေကို စုပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

အဝေးသင်တက္ကသိုလ်ကျောင်းသားများ နောက်ဆုံးအဖြတ် စတက်ရမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း စစ်တွေတက္ကသိုလ်ရှေ့တွင် အလှူငွေ ကောက်ခံမှုများကို ထပ်မံပြုလုပ်သွားမည်ဟု သိရသည်။

ကောက်ခံရရှိသော ငွေကြေးများကို ကိုယ်တိုင်တိုက်ရိုက် သွားရောက်ပြီး လှူဒါန်းမည်လား၊ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် လှူဒါန်းမည်လားဆိုသည်ကို အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးမှ ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဝေးသင်တက္ကသိုလ်ကျောင်းသားများသည် စစ်တွေသို့ အဝေးသင် တက္ကသိုလ် တက်ရောက်ရန်လာသည့် နှစ်တိုင်း လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်လေ့ရှိပြီး ၂၀၁၅ ခုနှစ်ကလည်း လေးဝတီ Logo ကို အသုံးပြုပြီး စစ်တွေ ၀င်္ကဘာကွင်းတွင် စုပေါင်းအမှိုက်ကောက်သည့် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့သည်ဟု လေ့လာသိရှိရသည်။

No comments: