Monday, October 31, 2016

ဘုရားစေတီရှင်းလင်းရာမှ ဗုံးသီးလေးလုံးတွေ့ရှိ

ဝဏ္ဏခွာညို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ၃မိုင်ခန့် ကွာဝေးတဲ့ ကံသာကျေးရွာမှာ ဂျပန်ခေတ်ကလို့ယူဆရတဲ့ ဗုံးသီး လေးလုံးကို ဘုရားဟောင်းစေတီပုထိုးမှာ ချုံတွေနဲ့ မြေသားတွေကို ရွာသားတွေရှင်းလင်းရာကနေ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ၃၀-ရက်နေ့ မနက် ၁၁နာရီအချိန်က ကံသာကျေးရွာတောင်ဖက်မှာရှိတဲ့ အံထူးကံသာ စေတီတော်(ဓာတ်တောင်) ပေါ်ရှိတဲ့ ဘုရားအားပြန်လည်တူးဖော်စဉ်မှာ ရွာသားတွေကတွေ့ရှိခဲ့တာလို့မြေပုံ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကဒီဗွီဘီကိုပြောပါတယ်။

“ဒီနေ့မနက်ပိုင်း၁၁နာရီလောက်တွေ့ရှိတာပါ။ ရွာသားတွေ ဘုရားစေတီနားမှာ မြေသားတွေကိုတူးဖော်ရှင်းလင်း ရာကတွေ့ခဲ့တာပါ။ မဖောက်ကွဲသေးတဲ့ ဗုံးသီးလေးလုံးပါ။ ဗုံးသီးလေးလုံးလုံးအဟောင်တွေပါ။ ဂျပန်ခေတ်က လက်ကျန်ဗုံးသီးတွေလို့ယူဆရပါတယ်။ အန္တရာယ်မဖြစ်ရအောင်သေချာလေးကိုထိမ်းသိမ်းထားပါတယ်။ အဲ့ဒီတွေ့ရှိတဲ့ဗုံးတွေကိုတပ်ကို အကြောင်းကြားတယ်”

အဲဒီဗုံလေးလုံးကတော့ အလျား၈လက်မ၊ လုံးပတ် ၈လက်မခွဲ၊ အချင်း ၃ လက်မ အရွယ်အစားရှိပြီးလက်တလော မှာမြေပုံမြို့ မရဲစခန်းမှာထိမ်းသိမ်းထားတယ်လို့ ပြောပါတယ်။ မြေပုံမြို့နယ်မှာ ဂျပန်ခေတ်က လက်ကျန်ဗုံးတွေ မကြာခဏ ဆိုသလိုတွေ့ရှိပါတယ်။

No comments: