Monday, October 31, 2016

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးသည် လက်တွေ့မှာ "ကိုယ့်ယို့ကားယားတွေချည်းပဲ" ဟု ပြည်ခိုင်ဖြိုး ဥက္ကဌ ဝေဖန်

မဇ္ဈိမ

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပွင့်လင်းမြင်သာမှုဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေးကို အကြောင်းပြပြီး အမျိုးဘာသာ၊ သာသနာကို ထိခိုက်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ဝေဖန်လိုက်သည်။

"ဒီနေ့ လူကြိုက်များတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့၊ ပွင့်လင်းမြင်သာမှုတို့ ကြားလို့ သိပ်ကောင်းတယ်။ လက်တွေ့မှာ အားလုံး ကိုယ့်ယို့ကားယားတွေ ချည်းပဲ" ဟု အောက်တိုဘာ ၂၉ရက်၊ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ပါတီရုံးတွင် ခရိုင်၊ မြို့နယ်အလိုက် ဥက္ကဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံစဉ် ဦးသန်းဌေးက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်တွေ့မှာ ကိုယ့်ယို့ကားယားတွေချည်းပဲဟု ဦးသန်းဌေးက ဝေဖန်လိုက်သည့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို ယုံကြည်သူ အများစုသည် စစ်အစိုးရလက်ထက်အတွင်း ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်မှုများကို အလူးအလဲ ခံခဲ့ကြရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်ဟုလည်း ဦးသန်းဌေးက တွေ့ဆုံပွဲတွင် ဆက်လက် ပြောကြားသည်။

"လူမျိုးပျောက်သွားမယ့် ကိစ္စမျိုးဆိုရင် ကျွန်တော်တို့ ရှေ့က ရပ်တည်ရမယ်။ အဲ့ဒါကြောင့် အမျိုးဘာသာ၊ သာသနာ၊ ကျွန်တော်တို့ အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ရဘူး။ ဒါ ဒီပါတီက ခံယူထားတာ၊ အဲ့ဒီကိစ္စရှိလာရင် ကျွန်တော်တို့ ရှေ့ဆုံးကနေ ကာကွယ်မယ်။ နောက် တိုင်းပြည်ရဲ့ လုံခြုံရေး ထိပါးလာပြီလား၊ ကျွန်တော်တို့ ရှေ့ဆုံးက ကာကွယ်မယ်။ နောက် မိမိဒေသတွင်းမှာ သဘာဝဘေးအန္တရာယ် တွေ့ကြုံလာပြီလား။ ကျွန်တော်တို့အမိန့် မစောင့်နဲ့၊ လုပ်ကြရမယ်။ အဲ့ဒီ သုံးချက်နဲ့ပတ်သက်ရင် ခင်ဗျားတို့ လုပ်ချင်ရာလုပ်၊ အကုန်မှန်တယ်။ အကုန် တရားတယ်။ ဘာအမိန့်မှ မလိုဘူး" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်ဟုလည်း ဦးသန်းဌေးက အောက်ပါအတိုင်းပြောသည်။

"လူ့အခွင့်အရေးထက် ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်တယ်။ အဲ့ဒါ ကျွန်တော်တို့ပါတီရဲ့ ဒုတိယဦးစားပေး လုပ်သွားမယ့်ကိစ္စ" ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်သော ဒုတိယအကြိမ် ပါတီညီလာခံတွင် ဦးသန်းဌေးက ပါတီဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အရေးမလှခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု ပြောဆိုထားသည်။

No comments: