Sunday, October 30, 2016

ယာဉ်မောင်းများ ခါးပတ်မပတ်လျင် အရေးယူမည့် အစီအစဉ် နောက်နှစ်မှ စနိုင်မည်

မဇ္ဈိမ(CJ)

ယာဉ်မောင်းစဉ် ခါးပတ်မပတ်သည့် ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူမည့်အစီအစဉ် ၂၀၁၇ ဇန်နဝါရီ လတွင် စတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမှတ် ၄၆ တပ်ဖွဲ့စုရုံး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး သိန်းဦးက ပြောသည်။

ယာဉ်မောင်းစဉ် ခါးပတ်မပတ်သူများကို နိုဝင်ဘာ ၁ ရက်တွင် စတင်အရေးယူရန် ပြင်ဆင်ထားသော်လည်း ပညာပေးကာလ ထပ်မံ လုပ်လိုခြင်းကြောင့် အရေးယူမည့် အစီအစဉ်ကို နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။

အလားတူ ခါးပတ်မရှိသည့် ကားများကို နှစ်စဉ် လိုင်စင်ဝင်သည့်အခါ လိုင်စင် ထုတ်မပေးဘဲ အရေးယူရန် ရှိခြင်းကြောင့် လုပ်ငန်း နှစ်ပတ်လည်သွားပါက ကားတိုင်းတွင် ခါးပတ် ပါရှိပြီးသား ဖြစ်နေမည်ဟုလည်း ဗဟန်းမြို့နယ် အမှတ် ၄၆ တပ်ဖွဲ့စုရုံး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ် ဟိန်းကျော်ဦးက ပြောသည်။

ယခုလုပ်ငန်းစဉ်များကို ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန)နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆင့်ဆင့် ညွှန်ကြားချက်အရ ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

အငှားယာဉ် (Taxi ) မောင်းသူများကြားတွင် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ယာဉ်မောင်းစဉ် ခါးပတ် မပတ်သူများအား အရေးယူမည်ဟူသော သတင်းပျံ့နှံ့နေပြီး အချို့ Taxi မောင်သူများက ဖေ့ဘုတ်တွင် တွေ့၍သာ သိရှိရကြောင်း အငှါးယာဉ်မောင်းများက ပြောသည်။ “ဖမ်းမယ်ဆိုရင် ကားတွေ အကုန်ဖမ်းမှပဲ။ တွေ့သမျှ ကားဟောင်းတွေမှာ ခါးပတ် မရှိဘူး။ ကျွန်တော့်ကားလည်း ခါးပတ်မရှိဘူး”ဟု လှိုင်သာယာမှ Taxi မောင်းသူ ကိုကျော်သာတိုးက ဆိုသည်။

သို့သော် Bus Car လိုင်းများတွင် ဂိတ်မှူးထံမှ မည်သည့် ညွှန်ကြားမှုမှ မကြားသိရသေးကြောင်း ၃ ကားယာဉ်လိုင်း၊ ၂၀၄၊ ၅၄ ယာဉ်လိုင်း စသည့် လိုင်းများတွင် ကားမောင်းနေသူများက ပြောသည်။

No comments: