Saturday, October 29, 2016

စစ်တွေ စစ်ပြေးရှောင် ကယ်ဆယ်ရေးစခန်းမှ (၁၀)လ အရွယ်ကလေးငယ် တစ်ဦးသေဆုံး

မပုကေ၊ စစ်တွေ


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ရတနာ့ဗိမာန်ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် (၁၀)လသား အရွယ် ကလေးငယ်တစ်ဦးသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူ ကလေးငယ်မှာ မသူသူငြိမ်းစံ (၁၀) လဖြစ်ပြီး မောင်တောမြို့နယ်မြောက်ပိုင်း အောင်မင်္ဂလာကျေးရွာမှ (ဘ) ဦးသာလှချေ (မိ) ဒေါ်သန်းမေချေတို့သမီး ဖြစ်ကြောင်း သိရသည်။

၎င်းကလေးငယ်သည် ယနေ့ နံနက် အစောကြီး ၂ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ အောက်တိုဘာ ၉ ရက်နေ့က ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး လုံခြုံရေးအရ စိုးရိမ်ရ၍ မိမိတို့ကျေးရွာတွင် မနေရဲသဖြင့် တောထဲတွင် ၃ရက်ခန့် ပုန်းအောင်းနေခဲ့ပြီး မိုးဒဏ်ခံရ၍ ဖျားနာခဲ့ကြောင်း၊ နေထိုင်ရာ ကျေးရွာမှ ဘူးသီးတောင်သို့သွားရောက်ခိုလှုံပြီး နောက်တစ်နေ့တွင် စစ်တွေသို့လိုက်ပါလာခဲ့ကြောင်း၊ စစ်တွေမြို့ပေါ်ရှိ ရတနာ့ဗိမာန်ကျောင်းတွင် ခိုလှုံနေပြီးမှ ၅ရက်ခန့်အကြာတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရက္ခိုင့်အလင်းတံခါးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

” ကွယ်လွန်သွားတဲ့ ကလေးငယ်ရဲ့မိသားစုဟာ အောက်တိုဘာလ ၁၄ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာပြီးတော့ ဆတ်ရိုးကျရပ်ကွက် ရတနာ့ဗိမာန်ကျောင်းတိုက်မှာ ခိုလှုံနေခဲ့ပါတယ်။ ကလေးငယ်ဖျားနာနေတဲ့အတွက် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာကနေ ဒီနေ့မနက် ၂ နာရီ ၄၅မိနစ်လောက်မှာ ကွယ်လွန်သွားပါတယ် ” ဟု သူမက ဆက်လက်ပြောဆိုသည်။

ကလေးငယ်အား ယနေ့တွင် သဂြိုင်္ခဲ့ကြောင်း သိရသည်။

No comments: