Monday, October 31, 2016

ငခူရရွာတွင် မီးလောင်မှုဖြစ်ပွား

ကိုအောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငခူရ မူဆလင်ကျေးရွာမှာ မနေ့ည ၉ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ တပ်မတော်က မီးငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “မီးလောင်နေတာဟုတ်ပါတယ်၊ ဟိန္ဒူရွာအရှေ့ လမ်းဆုံနားက လောင်နေတာပါ၊ သိထားသလောက် စစ်တပ်ကလာတာနဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးတာလို့ သိရတယ်။ တပ်က မီးဝင်ငြှိမ်းနေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းဖက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အဒူမူနာရဲ့ အိမ်နားကစပြီးလောင်တာ၊ ဆိုင်ခန်းသုံးခန်းလောက် လောင်တယ်၊ ဘယ်လိုစလောင်လဲ အသေအချာ မသိရသေးဘူး” လို့ ငခူရရွာ ဒေသခံ ကိုမောင်စောက ပြောပါတယ်။

မီးလောင်နေတာကို ရွက်ညိုတောင်၊ ခြံပြင် စတဲ့ရွာတွေကပါ လှမ်းမြင်နေရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

အောက်တိုဘာ ၉ ရက် သန်းခေါင်ကျော်မှာ ငခူရနယ်မြေစခန်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အကြမ်းဖက်သမား ၈ ဦးကို အသေဖမ်းဆီးမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ်ပြီး ရှာဖွေနေဆဲဖြစ်သလို ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိပါတယ်။

စစ်ဆင်ရေးလုပ်စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိပေမယ့် အစိုးရကတော့ ဥပဒေအတိုင်း လုပ်ဆောင်နေတယ်လို့ ငြင်းဆိုထားပါတယ်။

No comments: