Monday, October 31, 2016

ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်ကပြန်လာသူအပါဝင် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းမိ

DVB


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျွိုင်ဒက်ဗ်ပူဒေသ နန်ဒုန်းမြို့ရဲ့ လူမနေတဲ့ အဆောက်အဦးတခုထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြန်လာတဲ့ စစ်သွေးကြွတဦးအပါဝင် ဟာရ်ကာတုလ် ဂျီဟတ် အယ် အစ္စလာမီ ဘင်္ဂလားဒေ့ရှ် ဟူဂျစ်အဖွဲ့ဝင် သံသယရှိသူ ၄ ဦးကို ရဲက ဖမ်းမိခဲ့ပါတယ်။

သူတို့တွေကို လက်လုပ်ဗုံးတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဓားတွေနဲ့ နိုင်ငံရေးလူမှုရေး ဝါဒဖြန့်ချိတဲ့ စာအုပ်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဂါဇီပူရဲ့ ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဟာရန် (ခေါ်) ရာရှစ်ဒ်က သတင်းထောက်တွေကို အောက်တိုဘာလ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က ည ၈ နာရီလောက်မှာ ဒီလူတွေလျှို့ဝှက်အစည်းအဝေး လုပ်နေတာကို သတင်းရရှိတဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့လို့ ဒီ ၄ ယောက်ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၄ ဦးကတော့ ဂါဇီပူမြို့မှာ နေထိုင်တဲ့ ခိုင်ရူလ်အစ်စလမ် အသက် ၂၆ နှစ်၊ ဘစ်ရှ်ဝက်စ်ဘက်ကာအက်ပူကာရွာမှာ နေထိုင်တဲ့ အမီနယ်လ်ဟူ ၄၉ နှစ်၊ ကမ်မာပါရာ ရွာသား ရှာဟစ်ဒ်အူလာ ၄၃ နှစ်၊ ဆွိုဒ်ပါရာရွာသား ဂိုလမ်ကီဘရိုင်ရာခန် အသက် ၂၅ နှစ်တို့ ဖြစ်ပါတယ်။

ခိုင်ရူလ်နဲ့ ကီဘရိုင်ရာတို့ ၂ ဦးစလုံးဟာ ဂါဇီပူမြို့က အစ္စလာမ္မစ် နည်းပညာတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တဲ့ အင်ဂျင်နီယာ ၂ ဦး ဖြစ်ပြီး ရှာဟစ်အူလာကတော့ မကြာခင်အချိန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြန်လာခဲ့တဲ့ စစ်သွေးကြွ တယောက်ဖြစ်တယ်လို့ ရဲအရာရှိ မိုဟာမက်ကပြောပါတယ်။

သူတို့ ၄ ဦးထဲက အမီနယ်က အုပ်စုအတွက် လူစုဆောင်းချိန်မှာ အင်ဂျင်နီယာ ၂ ဦးက ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ဆောင်တယ်လို့ ရဲအရာရှိမိုဟာမက်က ထပ်ဖြည့်ပြောပါတယ်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ National Press Club က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟူဂျစ်အဖွဲ့က သူတို့အဖွဲ့ကိုဖွဲ့စည်းကြောင်း တရားဝင်ကြေညာခဲ့ပေမယ့် ဒီအဖွဲ့ဟာ နိုင်ငံနဲ့အဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ အစိုးရက ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဟူဂျစ်အဖွဲ့ကို တားမြစ်ဖျက်သိမ်းခဲ့တာပါ။

ထောက်လှမ်းရေးသတင်းအရ ဟူဂျစ်ရဲ့အဖွဲ့ခွဲ ၃ ဖွဲ့ကို မူဖတီဟန်န်၊ မူဖတီရုဖ်နဲ့ အက်ဘ်ဒူဆလမ်းတို့ ၃ ဦးက ဦးဆောင်တယ်လို့ သိရပါတယ်။

သူတို့ထဲက ဆလမ်းကတော့ လွတ်မြောက်နေပြီး အဖွဲ့ခွဲတွေကို နိုင်ငံခြားကနေ ညွှန်ကြားနေတယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။

No comments: