Thursday, January 8, 2015

ပြန်အပ်နှံသည့် ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် ယာဉ်များ ဒုတိယအကြိမ် စည်းကမ်းဖောက်လျှင် ယာဉ်ကိုခြောက်လ ပိတ်သိမ်းမည်

ကျော်စိုးမိုး

စည်းကမ်းမဲ့ ဆူညံစွာ မောင်းနှင်သဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် ကားများကို ဖမ်းဆီးပြီး ဇန်နဝါရီ ၇ ရက်က ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ပြီး အဆိုပါယာဉ်များသည် ဒုတိယအကြိမ် စည်းကမ်းမဲ့မှုများ ထပ်မံကျူးလွန်ပါက ယာဉ်ကိုခြောက်လအထိ ပိတ်သိမ်းသွားမည်ဟု ရန်ကုန်တိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။

ရန်ကုန်တိုင်းတွင် စည်းကမ်းမဲ့ ဆူညံစွာမောင်းနှင်သည့် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် ကားများကို ၂၀၁၄၊ ဒီဇင်ဘာ ၅ရက်မှ စတင်ပြီး စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေရာ ၂၀၁၅ ဇန်န၀ါရီ ၁ ရက်အထိ ကားအစီးရေ စုစုပေါင်း ၉၀ စီးဖမ်းဆီးနိုင်ခဲ့သည်။ ထိုသို့ဖမ်းဆီးရမိသည့် ကားများကို ကုန်းလမ်းပို့ဆောင်ရေး လိုင်စင်ရှိသည့် ကား ၅၁ စီးကို ဒဏ်ငွေ ၁၅၀၀ ကျပ်နှင့် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် တစ်လပိတ်သိမ်းပြီး ဇန်န၀ါရီ ၇ ရက်က ကားများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ကာ ကျန်ရှိနေသည့် ၃၉ စီးကိုလည်း စစ်ဆေးပြီး တစ်လပြည့်ပါက ပိုင်ရှင်များထံ ပြန်လည်အပ်နှံပေးမည် ဖြစ်သည်။

ရဲမှူးကြီးဝင်းဗိုလ်က "ပြန်အပ်လိုက်တဲ့ ကားတွေအနေနဲ့ ပြစ်မှုထပ်မံကျူးလွန်ရင် ဥပဒေအရလိုင်စင် ခြောက်လပိတ်သိမ်းမှာ ဖြစ်ပါ တယ်၊ နောက်ထပ်လည်း စည်းကမ်းမဲ့ဆူညံစွာ မောင်းနှင်တဲ့ကားတွေကို ဆက်လက် ဖမ်းဆီးအရေးယူသွားမှာပါ။ " ဟုပြောသည်။

ကားများပြန်ပေးရာတွင် ပိုင်ရှင်များကို ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနမှ ခံဝန်ကတိ လက်မှတ်ရယူကာ မော်တော်ယာဉ် နည်းဥပဒေ ပုဒ်မ-၄၆ အရ ဒဏ်ငွေ၁၅၀၀ ကျပ်ပေးဆောင်စေပြီး ကားများကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က " ပြိုင်ကား၊ ပါဝါအိပ်ဇောတပ် မောင်းတဲ့မောင်းသူတွေကို ဒဏ်ငွေ ၁၅၀၀ လောက်ဆောင်ခိုင်းပြီး ကားပြန်ပေးတာဥပဒေကို ပျက်ရယ်ပြုနေတဲ့ပုံစံပါ၊ ဒီလိုကားမောင်းနိုင်တဲ့သူတွေက လူချမ်းသာ အသိုင်းအဝိုင်းထဲက လူတွေပါ၊ ဒီ့ထက်ပိုကြီးလေးတဲ့ ဥပဒေပြစ်ဒဏ်နဲ့ အရေးယူသင့်ပါတယ်။ " ဟုပြောသည်။

ရန်ကုန်တိုင်းအတွင်း ညပိုင်းအငှားယာဉ်မောင်းနှင်သည့် ယာဉ်မောင်းတစ်ဦးက " ပြိုင်ကားတွေကို ဖမ်းဆီးတာကဟုတ်ပါတယ်၊ ဒါပေမဲ့ အခုလို ၁၅၀၀ လောက်ဒဏ်ငွေ ဆောင်ပြီး ကားကိုပြန်ပေးတာကတော့ နောက်ကျူးလွန်မယ့် သူတွေအတွက် အဟန့်အတား မဖြစ်လောက်ပါဘူး" ဟုပြောသည်။

မော်တော်ယာဉ် ဝပ်ရှော့များအနေဖြင့် ယာဉ်များကို အသံဆူညံစေသည့်ပါ ဝါအိပ်ဇောများ တပ်ဆင်ပေးခြင်း မပြုကြရန်နှင့် စည်းကမ်းမဲ့ ဆူညံစွာမောင်းနှင်သည့် ကားများကိုလည်း ဆက်လက်စစ်ဆေး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

No comments: