မောင်အောင်မျိုး
အရှေ့တောင်အာရှမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး တိုးတက်လာခြင်းနှင့် ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို တုန့်ပြန်သည့် အနေဖြင့် ဂျပန်နိုင်ငံက မြန်မာနိုင်ငံနှင့် ကာကွယ်ရေးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းနိုင်ရန် ကြိုးစားနေသည်။ လွန်ခဲ့သော ၅ နှစ်ခန့်ကဆိုလျှင် တွေးပင်မတွေးနိုင်သည့် တိုးတက်မှုတခုလည်း ဖြစ်ပါသည်။
ဆယ်စုနှစ် ၅ ခုခန့် ကာလအတွင်း ပထမဆုံးသော အရပ်သားအစိုးရ တာဝန်ယူပြီးနောက် ဂျပန်နိုင်ငံမှ ဗိုလ်ချုပ်ကြီး နကထနိသည် မြန်မာနိုင်ငံသို့ အရေးပါသည့် နိုင်ငံတခုမှ ကာကွယ်ရေးဝန်ကြီး အနေဖြင့် ဇွန်လအတွင်း ပထမဆုံး အလည်အပတ် လာရောက်ခဲ့သည်။ သူက ဂျပန်-မြန်မာ ဆက်ဆံရေး စတင်သည့် ၁၉၅၄ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ဂျပန်ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ပါသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ် ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နှင့် တွေ့ဆုံခဲ့ရာတွင် ဗိုလ်ချုပ်ကြီး နကထနိက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဂျပန်နိုင်ငံ၏ အကူအညီပေးရေး အစီအစဉ်မှ အစိတ်အပိုင်းတခု ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့သည်။
ယခင် စစ်အစိုးရ လက်ထက် ဂျပန်နိုင်ငံက နိုင်ငံရေး စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများ တက်တက်ကြွကြွ ပြုလုပ်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များကြား စိတ်တိုင်းမကျစရာများ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်က ဂျပန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန် ကြိုးစားနေပါသည်။
မေလအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိအို့ ခိရှိဒ မြန်မာနိုင်ငံသို့ ရောက်ခဲ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခင် စစ်အစိုးရလက်ထက် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် အနောက်နိုင်ငံ အစိုးရများကဲ့သို့ မဟုတ် မြန်မာနှင့် ဆက်ဆံရေး ထိန်းထားခဲ့ခြင်းက သဘာဝကျကြောင်း ပြေငြိမ်းလို သည့်သဘောဖြင့် ပြောကြားခဲ့သည်။ ဖူမိအို့ခိရှိဒကလည်း ဂျပန်အစိုးရက မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ရယူရေးနှင့် အစိုးရသစ်ကို ဘဏ္ဍာရေး အကူအညီများပေးရေး ကတိပြုကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း ဂျပန်နိုင်ငံက ပညာသင်ဆုပေးသည့် အစီအစဉ်များမှ တဆင့် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်များတွင် စဉ်ဆက်မပြတ် ပါဝင်ကူညီပေး ခဲ့သည်။ သို့သော်လည်း ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်က ပြီးခဲ့သည့် နှစ်အတွင်းမှာမှ သိသိသာသာ မြန်ဆန်လာခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး များမကြာမီမှာပင် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး ဖူမိအို့ ခိရှိဒက ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် တိုကျိုမြို့၌ တွေ့ဆုံခဲ့ရာ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူပေးဖို့ နဲ့ ဂျပန်-မြန်မာ ဆက်ဆံရေးကို ခိုင်မာစေဖို့ NLD နဲ့ အမြင် သဘောထားချင်း ဖလှယ်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။
စစ်တပ်ချင်း ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းက ၂ နိုင်ငံကြား စီးပွားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း လာစေလိမ့်မည်ဟု ဂျပန် တာဝန်ရှိသူ အများအပြားက ယုံကြည်ထားကြသည်။ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြားမှ မဟာဗျူဟာပြိုင်ဆိုင်မှုတွင် မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းက ဂျပန်၏ အကျိုးစီးပွားဖြစ်ကြောင်း ဂျပန် အစိုးရက ယုံကြည်ထားသည်။ မြန်မာသည် တချိန်က တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သူဖြစ်ပြီး စစ်လက်နက်ပစ္စည်းနှင့် ပတ်သက်၍ များစွာ မှီခိုခဲ့ရသည်။
ဆက်ဆံရေးများ ဖြန့်ကျက်ခြင်း
မြန်မာနိုင်ငံအတွက်မူ ဂျပန်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုများ ပြုလုပ်ခြင်းက တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် အားထုတ်ခြင်းနှင့် လက်နက်ဝယ်ယူသည့် အခြား အရင်းအမြစ်များ ရရှိနိုင်ရေး အားထုတ်မှု တစိတ်တပိုင်း ဖြစ်သည်။ တရုတ်နိုင်ငံအပေါ် အဓိက မှီခိုရမည့်အစား ယခုအခါ မြန်မာနိုင်ငံက လက်နက်များကို ရုရှား၊ အစ္စရေး နှင့် ယူကရိန်း နိုင်ငံတို့မှ ၀ယ်ယူနိုင်ရန် ကြိုးစားနေသည်။ အကယ်၍ လက်နက်တင်ပို့ခြင်းကို ပိတ်ပင်တားမြစ်ထားခြင်းများ ပယ် ဖျက်ပေးခဲ့လျှင် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချလာနိုင်သည်။
မြန်မာ့တပ်မတော်က ဂျပန်နိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်ရေးဆိုင်ရာ သံတမန်ရေး ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့်သော အားထုတ်မှု တစိတ်တပိုင်းအဖြစ် ရှုမြင်ထားသည်။ ယင်းသည် NLD အစိုးရလက်အောက်မှ တိုင်းပြည်၏ နိုင်ငံခြားရေး မူဝါဒကို ပုံဖော်ရာတွင်လည်း ဩဇာတည်ဆောက်မှု လမ်းတသွယ်ဟု ရှုမြင်သည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုစနစ်တွင် လွှတ်တော်အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ခန့်ခွဲနိုင်ရုံမက နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ မည်သည့်ပြောင်းလဲမှုအပေါ် ဗီတိုအာဏာသုံးနိုင်သည့် အနေအထား ရယူထားခြင်းဖြင့် ကြီးစွာသော ဩဇာလွှမ်းမိုးမှု ရရှိထားသည်။
ကမ္ဘာစစ်ကြီးအတွင်းက သိမ်းပိုက်မှု
ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်လာသည့် ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှိဂဲရု အိဝဆကိ လာရောက်ခဲ့သော ၂၀၁၄ ခုနှစ် မေလမှ စ၍ မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဂျပန်နိုင်ငံက ဖြေးဖြေးချင်း မြှင့်တင်လာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ၃ နှစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ဖူးသည်။
၂၀၁၄ ခုနှစ်ကုန်ပိုင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံသို့ ရောက်သည့်အချိန် ထိုသမိုင်းကြောင်းကို ပြန်လည် ရည်ညွှန်းခဲ့သည်။ “ပထမ မျိုးဆက် မြန်မာ့တပ်မတော် အရာရှိများ”ကို လေ့ကျင့်ပေးခဲ့သည့် ဂျပန်ဘုရင့်တပ်မတော်၏ အခန်းကဏ္ဍနှင့် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိရန် အထောက်အကူ ဖြစ်စေမှုကို သူက ဂုဏ်ပြုခဲ့သည်။ ယခုနှစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်စစ်အရာရှိများ၏ အကူအညီဖြင့် ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းခဲ့သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်လည်း ဖြစ်သည်။ ရဲဘော်သုံးကျိပ် ဦးဆောင်သော တပ်ဖွဲ့ငယ်က မြန်မာ့တပ်မတော်၏ အမြုတေအဖြစ် သတ်မှတ်ထားကြပါသည်။
၂၀၁၄ ခုနှစ် ဂျပန်ခရီးစဉ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာတပ်မတော်နှင့် နိပွန် ဖောင်ဒေးရှင်းတို့ ကြားတွင် ၅ နှစ် သက်တမ်းရှိ အပြန်အလှန်သဘောတူညီချက်တခု ရရှိအောင် ညှိနှိုင်းခဲ့သည်။ နိပွန် ဖောင်ဒေးရှင်း သည် ဂျပန် အစိုးရနှင့် နီးစပ်မှု ရှိပြီး နိုင်ငံအသီးသီးသို့ တရားဝင် အကူအညီပေးရေး အစီအစဉ်များမှတဆင့် ကူညီထောက်ပံ့ငွေ အမြောက်အမြား ပေးအပ်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ ထိုသဘောတူညီချက် ကြောင့် မြန်မာ စစ်ဘက် ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ ဂျပန်နိုင်ငံသို့ သွားရောက်မှု ပိုမို များပြားလာခဲ့သည်။
ဂျပန် စစ်လက်နက်ပစ္စည်း စက်ရုံများသို့ မြန်မာထိပ်တန်းအရာရှိများ သွားရောက်ခဲ့ကြသည်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြသည်။ ဂျပန် စစ်လေ့ကျင့်ရေး ကျောင်းများတွင် သင်တန်းများ တက်ရောက်ခဲ့ကြသလို ဂျပန်နိုင်ငံတွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုဖြစ်ပြီး နှစ်စဉ်ပြုလုပ်သည့် Fuji Firepower သို့ မြန်မာစစ်အရာရှိများ သွားရောက်လေ့လာခဲ့ကြသည်။ အပြန်အလှန်အနေဖြင့် ဂျပန်ဘာသာနှင့် ကိုယ်ခံပညာ နည်းပြဆရာများကို မြန်မာ စစ်တက္ကသိုလ်သို့ စေလွှတ်ပေးခဲ့သည်။
စစ်တပ် ၂ ခုကြား ၅ နှစ် သဘောတူညီချက်၏ အစိတ်အပိုင်းတခုအနေဖြင့် မြန်မာ့တပ်မတော်က ဂျပန် အမျိုးသား ကာကွယ်ရေး အကယ်ဒမီသို့ တနှစ်လျှင် သင်တန်းသား အရာရှိလောင်း ၂ ဦးစီ ပို့မည်ဖြစ်ရာ ပြီးခဲ့သည့် နှစ်မှစ၍ စတင် စေလွှတ်ခဲ့သည်။ နိပွန် ဖောင်ဒေးရှင်းကလည်း ဂျပန်နိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေး ပညာဘွဲ့ယူရန်အတွက် မြန်မာ တပ်မတော် အရာရှိ ၁၀ ဦးကို ပညာသင်ဆုပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေသည့် နည်းတူ ဂျပန်အစိုးရက ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ မြန်မာ အစိုးရသစ်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိုက်ပျိုးရေး အစီအစဉ်များအတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ အမေရိကန်ဒေါ်လာ ၈၈၅ သန်း ပေးအပ်သွားမည် ဖြစ်ကြောင်း ဂျပန် အစိုးရက ဇန်န၀ါရီ လ အတွင်း ကြေညာခဲ့သည်။ ဇွန်လ အတွင်းတွင်လည်း နှစ်စဉ် မြန်မာကျောင်းသား ၄၀ ကျော်ကို ဂျပန်နိုင်ငံတွင် ဘွဲ့လွန်ပညာ သင်ကြားရန် ထောက်ပံ့ပေးမည့် နှစ်ရှည် ပညာရေး အစီအစဉ်တခုကို တိုးချဲ့ခြင်း အပါအ၀င် ဂျပန်ယန်းငွေ ၃.၀၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၉.၁ သန်း) ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ Japanese Grant Aid for Human Resource Development Scholarship အစီအစဉ်အရ ဂျပန်နိုင်ငံက ၂၀၀၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ ကျောင်းသား ၄၄၀ ကို ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်သည်။
လတ်တလောတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း ပြည်သူ့ရေးရာ မူဝါဒ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များတွင် မြန်မာအစိုးရ အရာရှိများ ဘွဲ့လွန် ပညာရပ် များ သင်ကြားနိုင်အောင် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ ဇန်န၀ါရီလအတွင်းတွင် နိပွန်ဖောင်ဒေးရှင်းက NLD ပါတီမှ အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်၍ ဂျပန် စီးပွားရေးဆိုင်ရာ ဌာနများနှင့် မိတ်ဆက်ပေးခဲ့သလို ဂျပန်ဘဏ်နှင့် တိုကျို စတော့အိပ်ချိန်းသို့လည်း သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးခဲ့သည်။
ဒေသလုံခြုံရေးတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို တိုးမြှင့်နေချိန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရန် ကူညီနေသော ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီလာခြင်းအား NLD အစိုးရကလည်း ကြိုဆိုဖွယ်ရှိနေသည်။ ပိုမို၍ ကျယ်ပြန့်စွာဆိုရလျှင် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းက စစ်တပ်အတွက် ထောက်ပံ့မှု အရင်းအမြစ် တိုးလာခြင်းသာမက ဗျူဟာမြောက် ဆက်ဆံရေးများအတွက်လည်း အကူအညီဖြစ်စေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါ။
ဒေသတခုလုံးအတွက်ဆိုလျှင် မြန်မာနှင့် စစ်ရေးအရ ဂျပန်က ဆက်သွယ်ဆောင်ရွက်လာမှုသည် ယခင်က တရုတ်နိုင်ငံကသာ စစ်ရေးပူးပေါင်းဆောင်ရွက်ရာတွင် အလုံးစုံ ပါဝင်နေမှုကို လွယ်လင့်တကူ ဟန်ချက် ထိန်းညှိနိုင်ပါသည်။ အမေရိကန်၏ “အာရှကို မဏ္ဍိုင်ပြုရေး”ကလည်း လတ်တလော အမေရိကန် ပြည်တွင်းရေးများဖြင့် မှိန်ဖျော့လာနေချိန်လည်း ဖြစ်သည်။

No comments:
Post a Comment