ရဲထွန်း (သီပေါ)
ရှေ့တလှမ်းတိုး နောက်နှစ်လှမ်းဆုတ် (One step forward, two steps back) ဆိုသည်မှာ ကျနော်တို့ငယ်ငယ်က ဘာမှန်းညာမှန်းမသိဘဲ ဖတ်ခဲ့ရသော ဆိုဗီယက်ခေါင်းဆောင် လီနင်၏ နာမယ်ကျော် စာအုပ်တအုပ်၏ အမည်ဖြစ်သည်။ ၁၉၀၄ က ပုံနှိပ်ထုတ်ဝေခဲ့သော အဆိုပါစာအုပ်သည် ရပ်ရှင်း ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (R.S.D.L.P) ၏ ဒုတိယအကြိမ် ညီလာခံတွင် ကိုယ်စားလှယ်အသီးသီးတို့၏ ပြောဆိုဆွေးနွေးချက်များ၊ ပါတီဗဟိုကော်မတီနှင့် ပါတီကောင်စီများမှ ဆွေးနွေးသည့် အချက်အလက်များနှင့် ဆုံးဖြတ်ချက်များအပေါ် အသေအချာ လေ့လာသုံးသပ်ကာ ရေးသားထားသည့် ပါတီတွင်း အကြပ်အတည်းအကြောင်း ဖြစ်လေရာ လူနည်းစု မင်ရှီဗစ်များကို ဒေါသအမျက်ထွက်စေခဲ့သည့် စာအုပ်လည်း ဖြစ်သည်။ ပါတီ ခေါင်းဆောင်တယောက်ဖြစ်သူ ပလက်ခ်နော့ဗ်က ထိုစာအုပ်ကို ပယ်ဖျက်ရန် ပါတီဗဟိုကော်မတီကို တိုက်တွန်းခဲ့သကဲ့သို့ ဗဟိုကော်မတီတွင်းမှ စေ့စပ်ဖျန်ဖြေရေး သမားများကလည်း အဆိုပါ စာအုပ်ထုတ်ဝေ ဖြန့်ချိခြင်းမပြုရန် တားဆီးခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရပ်ခြားတွင် ထုတ်ဝေသော အဆိုပါစာအုပ်မှာ တိုးတက်သော ရုရှားအလုပ်သမားများ အကြားတွင် ရေပန်းစားခဲ့သည်။ ထိုအချိန်က မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး မပေါ်ပေါက်သေး။ R.C.P (B) ခေါ် ရုရှား ကွန်မြူနစ်ပါတီလည်း မပေါ်သေးဘဲ ဘော်ရှီဗစ် (အများစု) နှင့် မင်ရှီဗစ် (အနည်းစု) တို့ စတင်ကွဲခါစ အခြေအနေသာ ရှိသေးသည်။ ထိုစာအုပ်အကြောင်းပြောရလျှင် ရှည်ရှည်ဝေးဝေး ပြောရလိမ့်မည်။ ထားလိုက်တော့…။
One step forward, two steps back ဆိုသည့် အီဒီယံကို အလုပ်တခုကို လုပ်ကိုင်နေစဉ် ကောင်းမွန်တိုးတက်သော ရလဒ်များ ရနေပါသည်ဟု ပြောနေရင်းမှ အမှားလုပ်မိ၍ မူလအခြေအနေထက် ပိုဆိုးရွားသော အခြေအနေသို့ ပြန်ရောက်သွားသည့်အခါမျိုးတွင် သုံးနှုံးသည်။ သို့ဖြစ်၍….
ယခု ကျနော်ပြောလိုသည့် ရှေ့တလှမ်းတိုး – နောက်နှစ်လှမ်းဆုတ် ဆိုသည်မှာ လီနင်၏ စာအုပ်တွင်ပါရှိသည့် ပါတီတွင်း လမ်းစဉ်နှစ်ရပ် တိုက်ပွဲအကြောင်းမဟုတ်။ ၂၅ – ၇ – ၂၀၁၆ ရက်နေ့ ဒုတိယအကြိမ်လွှတ်တော်၊ ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့က ပြည်သူ့လွှတ်တော်အတွင်း ဖြန့်ဝေခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ပန်ကြားချက်နှင့် ၎င်းကို ချက်ခြင်း ပြန်လည်ပြင်ဆင်လိုက်သည့် အကြောင်းဖြစ်သည်။
ဇူလိုင်လ ၂၂ ရက် နေ့စွဲတပ်ထားသော လွှတ်တော်ကိုယ်စားလှယ်များအား ဖြန့်ဝေသည့် အဆိုပါပန်ကြားချက်တွင် အဓိကအားဖြင့် တောင်းဆိုထားသည်မှာ အိုင်အန်ဂျီအို၊ အန်ဂျီအိုနှင့် စီအက်စ်အို စသည့် အဖွဲ့အစည်းများက အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းနှင့် လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ မပျက်မကွက်တင်ပြ၍ အတည်ပြုချက်ရယူရန်နှင့် နောက်နောင် ဖိတ်ကြားခြင်းခံရပါကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ လိပ်မူပြီး ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြားပေးပါရန်ဆိုသည့် အဓိကအချက်နှစ်ချက် ဖြစ်သည်။ ဆိုလိုသည်မှာ လွှတ်တော်ဥက္ကဋ္ဌ ခွင့်မပြုဘဲ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ ပြင်ပဆွေးနွေးပွဲများ မတက်ရ၊ နိုင်ငံခြားမသွားရဟု ချုပ်ကိုင်လိုက်သည့် သဘောသာ ဖြစ်ပေသည်။
ဤညွှန်ကြားချက်က လွှတ်တော်ကိုယ်စားလှယ်များအတွင်း ရရှိနေသည့် ဒီမိုကရေစီ အခွင့်အရေးကို နောက်သို့ ဆုတ်သွားစေသည်။ အကြောင်းမှာ…
ပထမအကြိမ်လွှတ်တော် ငါးနှစ်တာကာလအတွင်းကမူ ဤသို့ ပြင်ပအဖွဲ့အစည်းများမှ ဖိတ်ကြားလာမှုများကို လွှတ်တော်ကိုယ်စားလှယ်များ လွတ်လပ်စွာ တက်ရောက်နိုင်ပေသည်။ ဆွေးနွေးပွဲတွင်လည်း မိမိထင်မြင်ယူဆသည့်အတိုင်း လွတ်လပ်စွာ ဆွေးနွေးမေးမြန်းခြင်း၊ လေ့လာခြင်းပြုနိုင်ပြီး လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်ကော်မတီဥက္ကဋ္ဌအား ခွင့်ပန်ကြားရန် မလိုပေ။ နေပြည်တော်၌ ပထမအကြိမ်လွှတ်တော် ကျင်းပနေဆဲကာလတွင် ဤသို့ ဆွေးနွေးပွဲများ အခါမလပ် ရှိတတ်သည်။
ပထမပိုင်းကာလတွင် အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်လည်း ကျင်းပတတ်ပါသည်။ ၂၄ နာရီ ကြိုတင် အကြောင်းကြားထားလျှင် သက်ဆိုင်ရာ ဝန်ထမ်းများက အစည်းအဝေးခန်းကို ခင်းကျင်း ပြင်ဆင်ထားပေးပါသည်။
နောက်ပိုင်းကာလတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ထွန်းကားရေးသက်သက် ကူညီလုပ်ဆောင်ပေးနေသော အမေရိကန်နိုင်ငံမှ NDI (National Democratic Institute) အဖွဲ့အစည်းသည် တပတ်ခြားတခါလို အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးလေ့ ရှိသည်။ ၎င်းသည် ပါတီစွဲမရှိ၊ အကျိုးအမြတ်မရှာသည့် အဖွဲ့အစည်းဖြစ်ကာ ဖိတ်ကြားသင့်သည့် လွှတ်တော်အမတ်များကို ၎င်းတို့ အစီအစဉ်ဖြင့်သာ တဦးချင်းကို ရွေးချယ်ဖိတ်ကြားသည်။ ညနေပိုင်းတွင် ဖိတ်ကြားထားသူများကို ကားဖြင့် လာရောက်ခေါ်ယူသလို အစည်းအဝေး အပြီးတွင်လည်း ညစာပါ ကျွေးမွေးတတ်ပါသည်။ ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော်လည်း ကျနော်သတိထားမိသလောက်မှာ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်က ပိုများတတ်ပါသည်။ ဤသည်မှာ ဖိတ်ကြားသူ၏ သဘောဆန္ဒအတိုင်းဖြစ်၍ လွှတ်တော်က ဝင်ရောက်စွက်ဖက်မှု မပြုပေ။ လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ဖိတ်ပါဟုလည်း ဦးရွှေမန်းက တခါမျှ မပြောသလို သူ့အား အသိပေးအကြောင်းကြားရန်လည်း မတောင်းဆိုပါချေ။ အကြောင်းမှာ လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပါတီစုံမှဖြစ်၍ ၎င်းတို့၏ လွတ်လပ်စွာလေ့လာခြင်း၊ ပြောဆိုဆွေးနွေးခြင်း၊ နိုင်ငံရပ်ခြား လေ့လာရေးခရီးသွားခြင်းများကို ကန့်သတ်ပိတ်ပင်ရန် ၎င်းတွင် တာဝန်မရှိကြောင်း သဘောပေါက်၍ ဖြစ်ပါသည်။
အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ လာရောက်ဆွေးနွေးပေးသော ပညာရှင်များမှာ များသောအားဖြင့် တက္ကသိုလ်ပါမောက္ခများ၊ ကျွမ်းကျင်သူများ ဖြစ်လေ့ရှိပြီး မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဘာလုပ်သင့်သည်ဟု ပြောဆိုလေ့မရှိဘဲ နိုင်ငံတကာ အတွေ့အကြုံအရ မည်သို့ရှိသည်၊ သို့မဟုတ် သဘောတရားက မည်သို့ဆိုသည်ကိုသာ ဟောပြောလေ့ရှိရာ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်မစွက်ဖက်မိစေရန် အထူးသတိထားကြောင်း ထင်ရှားပါသည်။ တက်ရောက်နားထောင်သော လွှတ်တော်အမတ်များထဲတွင် တိုင်းရင်းသားပါတီအမတ်များနှင့် အန်အယ်လ်ဒီ အမတ်များသာမက ယူအက်စ်ဒီပီ အမတ်များလည်း ပါဝင်ကြလေရာ အငြင်းပွားမှုများ မပေါ်ပေါက်စေရန် မေးခွန်းများကို ထိန်းထိန်းသိမ်းသိမ်း ဖြေကြားတတ်ကြသည်။ ဖိတ်ကြားသည့် အဖွဲ့အစည်းများက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားလိုကြပါသည်။ သို့သော် တပ်မတော်သားများ၏ လွှတ်တော်တွင်း တာဝန်ခံက အထက်သို့တင်ပြပြီး ခွင့်ပြုမှသာ တက်ရောက်ခွင့်ရကြသဖြင့် ၎င်းတို့တက်ရောက်သည်ကို ရံဖန်ရံခါသာ တွေ့ရပေသည်။
ထိုသို့သော အစည်းအဝေးများ ကျင်းပသည့်အခါ အစပိုင်းတွင် အက်စ်ဘီ တာဝန်ရှိသူများ လာရောက်နားထောင် သတင်းယူသည်ကို သတိထားမိသော်လည်း နောက်ပိုင်းကာလများတွင် မတွေ့ရတော့ပါ။ ကျနော်က သတိမထားမိတာလည်း ဖြစ်နိုင်ပါသည်။
နိုင်ငံရပ်ခြား လေ့လာရေးခရီးစဉ်မှာလည်း နှစ်မျိုးရှိပါသည်။ လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ဖိတ်ကြားခြင်းနှင့် အန်ဂျီအို၊ အိုင်အန်ဂျီအိုများကတဆင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို တိုက်ရိုက် ရွေးဖိတ်ခြင်းတို့ ဖြစ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌကတဆင့်ဖိတ်လျှင် ယူအက်စ်ဒီပီ ပါတီဝင် အမတ်များချည်း နိုင်ငံခြားခရီး ထွက်နေရသည်မျိုး ဖြစ်မှာစိုး၍တကြောင်း၊ ပွင့်လင်းလွတ်လပ်သော အတိုက်အခံ၏ အသံများကို နားထောင်လို၍တကြောင်း အန်ဂျီအို၊ အိုင်အန်ဂျီအိုများမှတဆင့် တိုင်းရင်းသားအမတ်များ၊ အန်ဒီအက်ဖ် အမတ်များနှင့် အန်အယ်လ်ဒီ အမတ်များကို ဖိတ်ကြားခြင်းမျိုးလည်း ရှိပါသည်။ ကနေဒါနိုင်ငံလွှတ်တော်မှ ဖိတ်ကြားသည့်အခါ ထိုသို့ ညီညီမျှမျှဖြစ်စေပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်စေရန် ၎င်းတို့ ကိုယ်စားလှယ်တဖွဲ့က တိုင်းရင်းသားအမတ်များနှင့် စည်ပင်ဧည့်ရိပ်သာတွင် လာရောက်တွေ့ဆုံသည်။ တိုင်းရင်းသားပါတီ၊ အန်ဒီအက်ဖ်နှင့် အန်အယ်လ်ဒီတို့မှ ပြောဆိုဆွေးနွေးနိုင်သူတချို့ကို ရန်ကုန်အခြေစိုက် အန်ဂျီအိုတခု အကူအညီဖြင့် အမည်စာရင်း တောင်းယူသည်။ ထို့နောက် ထိုစာရင်းကို လွှတ်တော်သို့ပေးပို့ကာ ယူအက်စီဒီပီမှ အမတ်နှစ်ဦး၊ လွှတ်တော်ရုံး ဝန်ထမ်းနှစ်ဦးတို့နှင့်အတူ လေ့လာရေးခရီး လာရောက်လည်ပတ်ပါရန် ဖိတ်ကြားစာကို လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သည်။ ထိုသို့ အမည်တပ်ပေးပို့ ဖိတ်ကြားခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအနေဖြင့် လွှတ်တော်ရုံးဝန်ထမ်းနှစ်ဦးနှင့် ယူအက်စ်ဒီပီမှ အမတ်နှစ်ဦးကိုသာ ရွေးချယ်ပေးခွင့် ရှိပါတော့သည်။ ထိုစဉ်က အန်အယ်လ်ဒီမှ နှစ်ယောက်၊ အန်ဒီအက်ဖ်မှ တယောက်၊ တိုင်းရင်းသား ပါတီများမှ လေးယောက် စုစုပေါင်း ၁၁ ယောက် သွားခဲ့ကြပါသည်။ အမေရိကန်သံရုံးမှ အိုင်ဗွီအယ်လ်ပီ အစီအစဉ်ဖြင့် ဖိတ်ကြားစဉ်ကလည်း ထိုနည်းအတိုင်း သံရုံးမှ ၎င်းတို့စိတ်ကြိုက် ရွေးချယ်ထားသော လူစာရင်းကို လွှတ်တော်သို့ပေးပို့ကာ By Name ဖြင့် ဖိတ်ကြားခြင်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီပါတီ ယာယီဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးရွှေမန်းမှာ သူ့ပါတီမှ ကိုယ်စားလှယ်ကိုသာ ရွေးချယ်ခွင့်ရှိပါတော့သည်။
အန်ဂျီအို၊ အိုင်အန်ဂျီအိုများက တိုက်ရိုက်ဖိတ်ကြားခံရလျှင် မိမိဆန္ဒအလျောက် သွားလိုက သွားရောက်နိုင်ပေသည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများနှင့် အန်ဒီအက်ဖ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိတို့ဆန္ဒအလျောက် ဆုံးဖြတ်နိုင်ကြ၍ ပါတီတာဝန်ခံကို အသိပေးရုံမျှ ကာယကံရှင်က အကြောင်းကြားလျှင် လုံလောက်ပေပြီ။ ခရီးစဉ်မှ ပြန်လာသည့်အခါ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့သည့် အခြေအနေကို မိမိပါတီသို့ အစီရင်ခံစာရေးလိုက ရေးသားပေးပို့နိုင်ပြီး မရေးသားလိုပါကလည်း နေနိုင်ပါသည်။ စည်းကမ်းတင်းကျပ်မှု မရှိကြပါ။ ဖိတ်ကြားသည့်အဖွဲ့က ယူအက်စ်ဒီပီနှင့် အန်အယ်လ်ဒီမှ လွှတ်တော်ကိုယ်စားလှယ်များကို ပါဝင်စေလိုသည့်အခါ ၎င်းတို့၏ပါတီထံ ခွင့်တောင်းကြရပါသည်။ လွှတ်တော်ဥက္ကဋ္ဌထံ မဟုတ်ပါ။ ပါတီတာဝန်ခံက သင့်တော်သူကို လိုက်ပါစေပါသည်။ တခုပြောရန်ရှိသည်မှာ ဖိတ်ကြားမှုကို လက်ခံပြီဆိုသည့်အခါ ပတ်စ်ပို့ကို စကင်ဖတ်၊ အီးမေးလ်ဖြင့်ပေးပို့ပြီး ၎င်းတို့က By Name ဖြင့် ဖိတ်စာပေးပါရန် ပြောရပါသည်။ ထိုဖိတ်စာရပါမှ သက်ဆိုင်ရာသံရုံးတွင် ဗီဆာလျှောက်ထားရန် လွယ်ကူအဆင်ပြေမည် ဖြစ်ပါသည်။ ရန်ကုန်ရှိ အန်ဂျီအိုက ကျနော်နှင့်ချိတ်ဆက်၍ ဖိတ်ကြားသော ခရီးစဉ်တချို့ ရှိပါသည်။ အန်အယ်လ်ဒီမှ ပြောနိုင်ဆိုနိုင်သော လွှတ်တော်ကိုယ်စားလှယ်ကို ပါဝင်စေလို၍ လူရွေးချယ် ဖိတ်ကြားသည့်အခါတိုင်း အဆင်မပြေပါ။ အန်အယ်လ်ဒီပါတီမှတဆင့် ဖိတ်ကြားခြင်းမဟုတ်လျှင် မသွားရပါ။ ဆိုလိုသည်မှာ ပါတီကို တိုက်ရိုက်မဖိတ်ဘဲ အန်ဂျီအို တဖွဲ့ဖွဲ့မှတဆင့် ဖိတ်လျှင် မသွားရဆိုသည့်သဘော ဖြစ်ပါသည်။ ပါတီဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်၍ မည်သည့်မူဘောင်ဖြင့် ညီညွတ်သူကို သွားခွင့်ပြုမည်ဆိုသည့် အများသဘောတူ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မထားခြင်း၊ ကော်မတီတရပ် ဖွဲ့စည်း၍ တာဝန်ပေးမထားခြင်းတို့မှာ ယူအက်စ်ဒီပီနှင့် အတူတူပင်ဖြစ်၍ ထိုကိစ္စများအပေါ် ပါတီတွင်း မကျေလည်မှုအချို့ ရှိခဲ့သည်။
နှစ်ပေါင်း ၅၀ ကျော်မျှ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးနှင့် ကင်းကွာနေခဲ့ကြပြီး “နိုင်ငံရေး” ဆိုသော စကားလုံးကို လူအများကြားအောင် ကျယ်ကျယ်မျှ မပြောဝံ့ခဲ့ကြသော မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်သစ်များအဖို့ ဘာသာရပ်တိုင်း အသစ်အသစ်များဖြစ်ကာ လေ့လာမှတ်သားစရာတွေက တပုံတပင်။ ကျနော်ဆိုလျှင် ဖိတ်သမျှ အလုပ်ရုံဆွေးနွေးပွဲများကို တက်သည်။ ပြောသမျှ စိတ်ဝင်တစား နားထောင်သည်။ ဖိတ်သမျှ နိုင်ငံခြားခရီးစဉ်များကို သွားသည်။ ရသမျှ လေ့လာဆည်းပူးသည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိနိုင်ငံ အခြေအနေနှင့် ပေါင်းစပ်သုံးသပ် လက်ခံသူများဖြစ်ကြသဖြင့် အခါခပ်သိမ်း ၎င်းတို့ပြောတိုင်း လက်ခံကြ၊ သဘောတူညီကြသည် မဟုတ်ပါ။ ကနေဒါပါလီမန်မှ ပါတီစုံအမတ်တဖွဲ့ လာရောက်ဟောပြောစဉ်က ရခိုင်ပြည်နယ်မှ ဘဂါင်္လီပြဿနာအပေါ် အငြင်းအခုံဖြစ်ကြသည်ကို မှတ်မိနေပါသေးသည်။ ကနေဒီယန်များမှာ ၎င်းတို့ကိုယ်တိုင်က ဥရောပမှ ကနေဒါသို့ သွားရောက်အခြေချနေထိုင်သူများ ဖြစ်သည့်အလျောက် တိုင်းတပါးမှ ဝင်ရောက်လာသူတို့အပေါ် ၎င်းတို့၏အမြင်မှာ ကျနော်တို့နှင့် မတူနိုင်ကြကြောင်း ရခိုင်အမတ်များက ရှင်းပြလိုက်ပါသည်။
ဤတွင် ကျနော်ပြောဆိုလိုသည်မှာ နိုင်ငံရေးအသိပညာဖြင့် ကင်းဝေးခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း လွှတ်တော်အမတ်များမှာ ထိုက်သင့်သည့် အရည်အသွေး ရှိပါသည်။ လွှတ်တော်ဥက္ကဋ္ဌက ပူပန်နေရန် မလိုပါချေ။ ထိုလွှတ်တော်အမတ်ပြောသည့် အရာကိစ္စတိုင်းလည်း လွှတ်တော်ကို ကိုယ်စားပြုပြီး ပြောသည်မဟုတ်မှန်း နိုင်ငံရေး နားလည်သူတိုင်း သိကြပါသည်။ ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပန်ကြားချက်မှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ တားမြစ်ခြင်းမဟုတ်၍ အခြားသော နိုင်ငံရေးပါတီများမှ အမတ်များက လိုက်နာကြမည် မထင်ချေ။ ထိုသို့ မလိုက်နာကြပါလျှင် အရေးယူရခက်နေမည်ဖြစ်၍ လွှတ်တော်ဥက္ကဋ္ဌ သိက္ခာကျပါလိမ့်ဦးမည်။ အကယ်၍ မိမိပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပြောမှားဆိုမှားဖြစ်မည်စိုး၍ဟု ဆိုလျှင်လည်း လွှတ်တော်တွင်းရှိ မိမိပါတီတာဝန်ခံမှတဆင့်သာ ကြီးကြပ်သင့်ပေသည်။
ဤနေရာတွင် သတိရသဖြင့် ပထမအကြိမ်လွှတ်တော်ကာလက ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ် လက်မှတ်ရေးထိုး ထုတ်ပြန်သော ပန်ကြားလွှာစည်းကမ်းကို လွှတ်တော်ကိုယ်စားလှယ်များ မလိုက်နာသည့် ကိစ္စတရပ်ကို ပြောလိုသည်။ ပန်ကြားလွှာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖုန်း၊ ကင်မရာ၊ အသံဖမ်းစက်နှင့် ဂျာနယ်- သတင်းစာများ လွှတ်တော်တွင်း ယူဆောင်မလာရန် တားမြစ်ထားပါသည်။ သို့သော် မည်သူမျှ မလိုက်နာကြပါ။ အကြောင်းမှာ အဆိုပါပစ္စည်းကရိယာများကို သတင်းမီဒီယာသမားများပင်လျှင် လွတ်လပ်စွာ ယူဆောင်အသုံးပြုနေကြသည့် အချိန်တွင် အဆိုပါစည်းကမ်းချက်မှာ လွှတ်တော်ကိုယ်စားလှယ်နှင့် အံမဝင် ခွင်မကျ ဖြစ်နေသည့်အတွက် ဖြစ်ပါသည်။ အမှန်တကယ် ထုတ်ပြန်သင့်သည့် စည်းကမ်းမှာ အစည်းအဝေး ကျင်းပနေစဉ်အချိန်တွင် ဓာတ်ပုံ-ဗွီဒီယို မရိုက်ရန်၊ ဖုန်းအသံတိုးထားရန်၊ လွှတ်တော်နှင့် မပတ်သက်သည့် စာစောင်၊ ဂျာနယ်များ မဖတ်ရှုရန် ဖြစ်သင့်ပါသည်။ ထိုသို့ အံဝင်ခွင်ကျသော စည်းကမ်းမဟုတ်၍ လိုက်နာမှုမရှိသောအခါ လွှတ်တော်လည်း ဂုဏ်သိက္ခာထိခိုက်ပါသည်။ ထို့နည်းတူ လွှတ်တော်ကိုယ်စားလှယ်တချို့ စီးနင်းလာသော ကိုယ်ပိုင်ကားများကို ကားရပ်နားရန် သတ်မှတ်ထားသည့် နေရာတွင်သာ ရပ်နားရန်၊ လွှတ်တော်အနီး၊ လွှတ်တော်ကော်ရစ်ဒါ အောက်ဘက်တို့တွင် လုံခြုံရေးအရ မရပ်နားကြရန် သတိပေးထားသော်လည်း မည်သူမျှ မလိုက်နာကြပါ။ အကြောင်းမှာ ကားရပ်နားရန်နေရာသည် အစည်းအဝေးခန်းမမှ အလွန်ဝေးသောနေရာတွင် တည်ရှိသဖြင့် သွားရေးလာရေး မလွယ်ကူ၊ နေပူပူတွင် သွားရမည်ဖြစ်၍ အသက်အရွယ်ကြီးရင့်သူများအတွက် မသင့်တော်သောကြောင့် ဖြစ်ပါသည်။ လုံခြုံရေးအရ လွှတ်တော်အနီး ကားမရပ်စေလိုလျှင် မနီးမဝေးတွင် ကားစတင်ရွှေ့ထားပေးသင့်ပြီး အစည်းအဝေးခန်းနှင့် ကားစတန်းကိုလည်း မိုးလုံသည့် ကော်ရစ်ဒါဖြင့် ဆက်စပ်ထားပေးသင့်သည်။ ထိုသို့မဟုတ်ပါက လိုက်နာရန် ခက်ခဲသဖြင့် မည်သူမျှ လိုက်နာမည်မဟုတ်ပါချေ။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရန်ခက်ခဲပြီး အံဝင်ခွင်ကျမဖြစ်သည့် စည်းကမ်းများ ထုတ်ဆင့်ခြင်း မပြုမိစေရန် အရေးကြီးပါသည်။
ပထမအကြိမ်လွှတ်တော်သက်တမ်းတလျှောက် ထိုသို့ လွတ်လပ်စွာ လေ့လာဆည်းပူးခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ လေ့လာရေးခရီး ထွက်ခွင့်နှင့် လွတ်လပ်စွာ အမြင်ဖလှယ်ခွင့်များ ရရှိခဲ့သော အခြေအနေတရပ်သည် မျှော်လင့်မထားသည့် (လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြင့် တက်လာသည့် အန်အယ်လ်ဒီ လွှတ်တော်ဥက္ကဋ္ဌ) လက်ထက်ကျမှ ယခုကဲ့သို့ အပိတ်ပင်ခံရသည်မှာ ထူးဆန်းအံ့သြဘွယ်ဖြစ်နေပြီး ဒီမိုကရေစီ နောက်ခြေတလှမ်းဆုတ်ခြင်းဟု ခံစားမိပေသည်။
ထိုသို့သော အကြောင်းများကြောင့် ထင်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့စွဲဖြင့် ပြည်သူ့လွှတ်တော်မှ သတင်းထုတ်ပြန်ချက်တရပ် ဖြန့်ဝေပြီး ဖြေရှင်းချက်တရပ် ထုတ်ပြန်ခဲ့ပါသည်။ ထိုဖြေရှင်းချက်အရဆိုလျှင် ၂၂ – ၇ – ၂၀၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ပန်ကြားလွှာကို ပြန်လည်ရုပ်သိမ်းလိုက်သကဲ့သို့ အဓိပ္ပာယ်ဆောင်သည်ဟု ယူဆမိပါကြောင်း။

No comments:
Post a Comment