Tuesday, August 9, 2016

ရွှေ အဆိပ်သင့်သူများ

နန်းဆိုင်နွမ်


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကနေပြီး ၁နာရီကြာ ဆိုင်ကယ်နဲ့ သွားလိုက်ရင် တောတောင် တွေ သစ်ပင် တွေ ကို မတွေ့ရဘဲ တောင်ကတုံးတွေကိုသာ တွေ့ရပါတယ်။

တချိန်က ဒီနေရာတွေက တောတောင်တွေနဲ့ စိမ်းစိုတဲ့ဒေသတခုဖြစ်သလို ချောင်းရေတွေကလည်း ကြည်လင်နေတဲ့ နေရာတခုပါလို့ ဆိုင်ကယ်နဲ့ လိုက်ပို့သူက ပြောပြပါတယ်။

အဲဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံ အနီးမှာတည်ရှိတဲ့ တာချီလိတ်ခရိုင် တာလေမြို့နယ် မိုင်းလင်း ကျေးရွာ အုပ်စု အနောက်ဘက် နားဟိုင်းလုံ ကျေးရွာပါ။

ရွာကိုသွားတဲ့ လမ်းတလျှောက်ကတော့ ရွှံ့ဗွက်တွေနဲ့ လယ်တွေ၊ လမ်းတွေကလည်း ပျက်စီးနေသလို ရွာအဝင်လမ်း ကနေ တောင်တွေကို လှမ်းကြည့်လိုက်ရင်လည်း စက်ယန္တရားကြီးတွေနဲ့ မြေကြီးတွေ ကော်နေတာတွေ ပြီးတော့ နမ့်ခမ်း ချောင်းကတော့ တိမ်ကောနေပြီး နုန်းတွေကိုပဲ တွေ့ရပါတော့တယ်။

အဲဒီဒေသမှာ ရွှေတူးဖော်မှုကြောင့် လယ်ယာမြေဧက ၃၀၀ ကျော် ပျက်စီးနေပြီလို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား များ ကွန်ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းချောင်း တိမ်ကောရခြင်း

နားဟိုင်းလုံ ကျေးရွာကို ၂၀၁၂ ခုနှစ်မှာ ရွှေတူးဖော်မှုတွေ ဝင်ရောက်လာပြီး ရွှေတူးဖော်ကြလို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ မြစ်ချောင်း တိမ်ကောမှုတွေ လယ်ယာပျက်စီးမှုတွေ စတင်ဖြစ်ပွားခဲ့တာပါလို့ ဒေသခံတွေက ဆိုပါတယ်။

နားဟိုင်းလုံ ကျေးရွာမှာ အဓိကရွှေတူးနေတဲ့ ကုမ္ပဏီတွေက စိုင်းတစ်၊ လွယ်ခမ်းလုံ၊ စိုင်းစိုက်ပျိုးရေး၊ တာချီလိတ် ရွှေ တောင်နဲ့ ရွှေရှမ်းမင်း ကုမ္ပဏီတွေ ဖြစ်တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင် အသင်းက ထုတ်ပြန်ထား ပါတယ်။

တောင်ကျချောင်းရေ စီးဆင်းတဲ့နေရာကို ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေက နေရာယူလိုက်ပြီး ရွှေလုပ်ငန်းအတွက် တောင်ကျ ချောင်းရေကိုအသုံးပြုကြပါတယ်။

အဲဒီရွှေတူးဖော်မှုကြောင့် လက်ရှိမှာတော့ နားဟိုင်းလုံကျေးရွာ ဒေသခံတွေ လယ်ယာစိုက်ပျိုးဖို့နဲ့ သောက်သုံးဖို့ အတွက် အားထားရတဲ့ နမ့်ခမ်းချောင်းလည်း နုန်းတွေနဲ့ တိမ်ကောလာတာကို တွေ့ရပါတယ်။

ဒါကြောင့် တောင်ကျချောင်းရေတွေက နမ့်ခမ်းချောင်းထဲကို မစီးဆင်းတော့ကြောင်း၊ ရွှေတူးဖော်ရာတွင် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ချောင်းထဲကိုစွန့်ပစ်ချမှုကြောင့် ငါးတွေ သေဆုံးတာ၊ လယ်ယာတွေ ပျက်စီးတာ ဖြစ်ရတယ်လို့လည်း နားဟိုင်းလုံ ဒေသခံရွာသား ဦးစိုင်းလွန်းဖတ် က ဧရာဝတီကို ပြောပါတယ်။

နမ့်ခမ်းချောင်းထဲစီးဆင်းတဲ့ တောင်ကျချောင်းရေကိုခံသုံးတဲ့ စိုင်းတစ်ကုမ္ပဏီကို သတ္တုလုပ်ငန်းရှင်အသင်းက ရွှေ တူးဖော်မှု ရပ်ဆိုင်းထားခိုင်းပြီး နမ့်ခမ်းချောင်းကိုလည်း ကုမ္ပဏီတွေ စုပေါင်းပြီး နုန်းတွေ ပြန်လည်ဆယ်ယူမှု ပြုလုပ် ပြီးပြီလို့ သတ္တုလုပ်ငန်းရှင် အသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောပါတယ်။

နမ့်ခမ်းချောင်းအတွင်းက နုန်းဆယ်တာတွေနဲ့ ပတ်သက်လို့ ဆည်မြောင်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကျပ်သိန်း ၂၀၀ နီးပါး အကုန်ကျခံကာ ကုမ္ပဏီတွေက ပြုပြင်ပေးခဲ့ပြီး ဒီနှစ်မှာ ဘတ် ၆သိန်း၊ ကျပ်ငွေနဲ့ဆို သိန်း၂၀၀နီးပါး အကုန်အကျခံပြီး ပြုပြင် ပေးခဲ့ပါတယ်။

ဒါလည်း ပြုပြင်ဆောင်ရွက်ပေးတဲ့ အခါ ကုမ္ပဏီ ၄ ခုအပြင် ရွာကိုထိခိုက်မယ့် ကုမ္ပဏီ၂ခုကိုပါ ဆောင်ရွက်ခိုင်းပါတယ် လို့လည်း ဦးတင်နွယ်က ထပ်မံ ပြောဆိုပါတယ်။

အခုနောက်ပိုင်းမှာ ရွှေများများ ရယူလိုချင်ကြတဲ့အတွက် ဆိုက်ယာနိုက် ဆေးရည်ကို အလွန်အကျွံသုံး ရွှေ ထုတ်ယူ ပြီးနောက် ကျန်တဲ့မြေစာတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်တာတွေကြောင့် ရေတွေ အဆိပ်သင့်ပြီး အဲဒီရေတွေကို သောက် သုံးမိတဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေ အဆိပ်သင့်သေဆုံးမှုတွေ၊ ရေသုံးစွဲတဲ့ ဒေသခံ ပြည်သူတွေကိုလည်း အဆိပ်သင့် ရောဂါ တွေ ဖြစ်လာမယ်ဆိုတဲ့အတွက် သတ္တုတွင်း ဝန်ကြီးဌာနက အမိန့်ထုတ်ပြီး ရွှေလုပ်ငန်းတွေမှာ ဆိုင်ယာနိုက် ဆေး မသုံးစွဲဖို့ တားမြစ် ပိတ်ပင်ထားတယ်လို့လည်း သတ္တုတွင်းဦးစီးဌာန ဒုညွန်ကြားရေးမှူး (ငြိမ်း) ဦးစိန်မြင့်က ဆိုပါ တယ်။

ရွှေတူးဖော်မှုတွေ ရွှေလုပ်ငန်းတွေမှာ ဘယ်လို ဓာတုပစ္စည်းတွေကို အသုံးပြုနေလဲ၊ ရွှေတူးတဲ့နေရာမှာ ဘယ်လိုတူးနေ လဲ။ စွန့်ပစ်ပစ္စည်းတွေ ဘယ်လိုစွန့်ပစ်နေလဲ ဆိုတာ သက်ဆိုင်ရာဌာနက လေ့လာရမယ်လို့လည်း ဦးစိန်မြင့်က အကြံ ပေး ပါတယ်။

နားဟိုင်းလုံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ

နမ့်ခမ်းချောင်းက နုန်းတွေနဲ့ မြင့်လာတဲ့အတွက် မြစ်ချောင်းဘေးမှာနေထိုင်တဲ့ ဒေသခံတွေအတွက် ရေအိမ်သုံးစွဲမှုတွေ ခက်ခဲလာပြီး သောက်သုံးရေအတွက်လည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“နမ့်ခမ်းချောင်းက ရေခန်းပြီး နုန်းတွေတက်လာတယ်။ ပြီးတော့ ကျနော်တို့ ကန်ရေတွေလည်း မြင့်တက်လာတယ်။ ရေကန်ထဲမှာ ရေညှိတွေလိုလို စိမ်းနေတာတွေ့နေတယ်။ ရေညှိလည်း မဟုတ်ဘူး။ အခု သောက်ရေကန်တွေ မရှိတော့ ရေဝယ် သောက်နေရတယ်”လို့ နားဟိုင်းလုံဒေသခံ စိုင်းစံကျောက်က ပြောပြပါတယ်။

“ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံကျေးရွာမှာတခါမှ မကြုံဘူးတဲ့ လည်ချောင်းနဲ့ ပတ်သက်တဲ့ရောဂါ၊ ကိုယ်ဝန်သည် တွေ ကိုယ်ဝန်ပျက်ကျတဲ့ ရောဂါ၊ မွေးဖွားလာတဲ့ ကလေးတွေ လမစေ့မွေးတဲ့ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်” လို့ နားဟိုင်းလုံဒေသ သားဖွားဆရာမ နန်းလာ(ခ) နန်းကောင်တစ် ကလည်း ဧရာဝတီသို့ ပြောပြပါတယ်။

နမ့်ခမ်းချောင်းထဲရှိ ရေစစ်ဆေးချက်ကို သတ္တုလုပ်ငန်းရှင် ဦးတင်နွယ်က “လုပ်ကွက်ထဲမှာရှိတဲ့ရေ PH ပါဝင်မှုနှုန်းနဲ့ နားဟိုင်းလုံ ဒေသမှာရှိတဲ့ ရေရဲ့ PH ပါဝင်မှုနှုန်းကို ယူပြီးစစ်ဆေးပါတယ်။ လုပ်ကွက် ပတ်ဝန်းကျင်မှာတော့ PH ပါဝင် မှုနှုန်း မြင့်နေတာ ရှိပါတယ်။ ဆိုးဆိုးရွားရွား အန္တရာယ် မဖြစ်ဘူးလို့လည်း အစိုးရရုံးကို တင်ပါတယ်”လို့ ရှင်းပြပါတယ်။

ဒေသခံတွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ

နားဟိုင်းလုံ ဒေသခံတွေကနမ့်ခမ်းချောင်းထဲ ရေစီးဆင်းမှု မရှိတဲ့အတွက် ရွှေတူးဖော်တဲ့ ကုမ္ပဏီလုပ်ကွက်ကို နောက် ဆုံး အချိန်အဖြစ် လွန်ခဲ့တဲ့ ၉ လ က သွားရောက် ကြည့်ရှုမှုတွေ ပြုလုပ်ရာမှ မမျှော်လင့်ဘဲ ဒေသခံတဦး သေနတ်ပစ် ခံရပြီး သေဆုံးသွားတဲ့ အဖြစ်အပျက်လည်း ကြုံတွေ့ခဲ့ရပါတယ်။

၂၀၁၅ အောက်တိုဘာ ၁၃ရက်နေ့က ရွာသားတွေက ရွှေတူးဖော်တဲ့ ကုမ္ပဏီကို ကြည့်ဖို့ သွားနေစဉ်မှာ လွိုင်ခမ်းလုံ ကုမ္ပဏီကို လုံခြုံရေး တာဝန်ယူနေတဲ့ မိုင်းဖြတ်အခြေစိုက် တပ်က တပ်သားတွေက လမ်းလျှောက်လာတဲ့ နားဟိုင်းလုံ လယ်သမားတွေကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုမှာ နားဟိုင်းလုံ ဒေသခံ လယ်သမား အသက် ၅၀ ကျော် ဦးစိုင်းဆမ်ရဲ့ဒူးမှာ သေနတ်မှန်ခဲ့ပြီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကာ ဒေသခံ ၆ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဖြစ်စဉ်မှာ လိုက်ပါသွားတဲ့ ဦးစိုင်းစံကျောက်က ပြောပြပါတယ်။

ဦးစိုင်းဆမ် သေဆုံးမှုဟာ နားဟိုင်းလုံ ဒေသခံတွေအတွက် ခြိမ်းခြောက်မှုတခုဖြစ်သလို ရွှေတူးဖော်မှုကို နောက်ထပ် မကန့်ကွက်နိုင်အောင် လုပ်လိုက်တဲ့သဘောလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဦးစိုင်းဆမ်ရဲ့အမှုနဲ့ ပတ်သက်ပြီးတော့ တာချီလိတ်ခရိုင်ရုံးမှာ အမှုဖွင့်ထားပေမယ့်လည်း လက်ရှိမှာ အမှုနဲ့ ပတ်သက် ပြီး ထူးခြားမှု တစုံတရာ မရှိသေးပေ။

“အဖေ သေဆုံးတဲ့ကိစ္စ အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကျနော့်ဆီ ဘာမှ မရောက်ဘူး။ ဘယ်လိုပုဒ်မနဲ့ ဖွင့် လည်း ဆိုတာလည်း ကျနော်မသိဘူး။ တာချီလိတ်တရားရုံးကတော့ အမှုပြီးသွားပြီလို့ ပြောပါတယ်။ ကျနော် ဘာ ဆက် လုပ်ရမှန်း မသိသေးဘူး”လို့ ဦးစိုင်းဆန်ရဲ့သားဖြစ်သူ စိုင်းလျိုး က ပြောပါတယ်။

တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ကတော့ ဦးစိုင်းဆမ် သေဆုံးမှုကို သက်ဆိုင်ရာ က အမှုဖွင့်ထားပြီး လုပ်ဆောင်နေပါတယ်လို့ ပြောဆိုပါတယ်။

ရွှေတူးဖော်မှုကိုရပ်ဆိုင်းချင်နေတဲ့ ဒေသခံတွေရဲ့ဆန္ဒ

နားဟိုင်းလုံကျေးရွာက လယ်ယာကို အဓိကအားကိုးနေရတဲ့ ဒေသဖြစ်တဲ့အတွက် လယ်ယာပြန်လုပ်လို့ ရအောင် ရွှေတူးဖော်မှုကို အမြဲကန့်ကွက်ခဲ့ပါတယ်။

ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့နေရာမှာလည်း အောင်မြင်မှုတခုမှ မရသလို လူတဦးပါ သေဆုံးပြီး ဒေသခံတွေကို အာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေက အမြဲလာရောက် ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

အဲဒီအပြင် ရွာသားအချင်းချင်း သွေးကွဲမှုတွေ ဖြစ်အောင်လည်း လုပ်ဆောင်နေပါတယ်လို့ လယ်သမားတွေ ကို ကူညီ ဆောင်ရွက်ပေးနေတဲ့ နန်းလာ က ပြောပါတယ်။

“ကုမ္ပဏီတွေက လယ်သမားတွေ မြန်မာစကား မတတ်တာတွေကို အခွင့်ကောင်းယူပြီး လုပ်ချင်တာ လုပ်နေတာပါ။ ကျမ တို့မှာ အခုအစစအရာရာ ပျက်စီးနေတာ ဘယ်သူတွေ လာကြည့်လို့လဲ။ ချောင်းတွေ ရေရအောင် နုန်းတွေ ဆယ် တယ်။ ဒါပေမယ့် အဆင်မပြေပါဘူး”လို့ နန်းလာက ပြောဆိုပါတယ်။

လယ်ယာမြေ စိုက်ပျိုးလို့မရတော့တဲ့ အတွက် ကုမ္ပဏီတွေက သီးနှံလျော်ကြေးငွေကို ၂၀၁၄ ခုနစ်က ပေးတာ ဧက ၁၆၈ ဧကမှာ ၁ ဧကကို ကျပ် ၆သိန်း ၆သောင်း ရရှိခဲ့ပြီး ၂၀၁၅ ခုနစ်မှာတော့ ဧက ၃၀၀ ကျော်အတွက် ၁ ဧကကို ကျပ် ၃သိန်းခွဲ လောက်သာ ရရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

လယ်ယာတွေ ထပ်မံမပျက်စီးအောင် ချောင်းတွေ ရေစီးရေလာကောင်းအောင်နဲ့ စိုက်ပျိုးလို့မရတဲ့ လယ်တွေကိုလည်း အစားထိုးသီးနှံ စိုက်ပျိုးလို့ရအောင်အတွက် ကုမ္ပဏီတွေက ကူညီဆောင်ရွက် ပေးနေတယ်လို့ သတ္တုလုပ်ငန်းရှင် အတွင်းရေးမှူး ဦးတင်နွယ်ကတော့ ပြောပါတယ်။

“ကျေးရွာဖွံ့ဖြိုးမှုက ကျေးရွာလမ်းတွေ ပြုပြင်တယ်။ ချောင်းကို ပြုပြင်တယ်။ လယ်ပျက်စီးမှု လျော်ကြေးပေးတဲ့ အပြင် ကျနော်တို့ အခု လယ်အစားထိုး ပြန်စိုက်ဖို့ ညှိနှိုင်းပါတယ်”လို့ ဦးတင်နွယ်က ပြောဆိုပါတယ်။

လက်ရှိ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရွှေ တူးဖော်ထုတ်လုပ်နေတဲ့ ပြည်ထောင်စု အစိုးရကို အခွန်ပေးဆောင် နေတဲ့ ကုမ္ပဏီ ၃၉ ခု ရှိပြီး ရွှေ တူးဖော်ထုတ်လုပ်ဖို့ လျှောက်ထားဆဲ ကုမ္ပဏီတွေကတော့ ၃၈ ခုရှိတယ်လို့လည်း သူက ဆို ပါတယ်။

ခွင့်ပြုချက် လာရောက်တင်တဲ့ ကုမ္ပဏီတွေကတော့ တိုင်းရင်းသားပိုင် ကုမ္ပဏီတွေ ဖြစ်တယ်လို့ သတ္တုလုပ်ငန်းရှင်များ အသင်း ကလည်း ပြောပါတယ်။

ဒေသခံတွေရဲ့ အနာဂတ် အတွက် စိုးရိမ်မှု

နားဟိုင်းလုံ ကျေးရွာမှာ ချောင်းက နုန်းတွေ မြင့်တက်လာပြီး၊ သောက်သုံးရေတွေလည်း သောက်လို့ မရတော့တဲ့ အတွက် ဒေသခံတွေကတော့ ကျေးရွာကနေ ပြောင်းရွှေ့ရမှာကို စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ဒါကြောင့် ရွှေတူးဖော်မှုကို လုံးဝရပ်ဆိုင်းသွားအောင် ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေရော၊ ဒေသန္တရ အစိုးရကိုပါ လာပြီး ကြည့်စေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

သားဖွားဆရာမ နန်းလာကတော့“ကျမတို့ ဒေသခံတွေ ရွှေလည်းမရတဲ့အပြင် ဒေသခံ လူတယောက်လည်း ပေးဆပ် လိုက်ရပြီ၊ ကျေးရွာပါ ထပ်ပေးရမယ်ဆိုရင်တော့ မတွေးရဲဘူး။ ကျမတို့ အားလုံးကတော့ ရွှေ တူးနေတာကို ရပ်ဆိုင်း စေချင်တယ်”လို့ ပြောဆိုပါတယ်။ ။

No comments: