Monday, August 8, 2016

တာတမံများ မကျိုးပေါက်စေရန် အဓိက ဆောင်ရွက်နေဟု ဧရာဝတီတိုင်း အစိုးရပြော

ဆလိုင်းသန့်စင်


ဧရာဝတီတိုင်း အတွင်း၌ ရေလွှမ်းမိုးမှု အခြေအနေများ ပိုမို ဆိုးဝါးလာနေသည့်အတွက် အစိုးရအနေဖြင့် တာတမံများ ကျိုးပေါက်မှု မရှိစေရန် အဓိကထား ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့က ပြောသည်။

“အစိုးရအဖွဲ့ အနေနဲ့ တာတမံတွေ ကျိုးပေါက်မှု မရှိအောင် နံပါတ် ၁ ဦးစားပေး ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ ရေဘေးသင့် ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးပြီး ကယ်ဆယ်ရေး စခန်းတွေမှာ အဆင်ပြေစွာ ခိုလှုံနိုင်ဖို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦတင်စောက ဧရာဝတီကိုပြောသည်။

ဧရာဝတီတိုင်းတွင် ရေတားတမံပေါင်း ၁၄ ခုရှိပြီး ဧရာဝတီ – ဟင်္သာတ ရေတားတမံနှင့် င၀န်မြစ် ရေတားတမံမှာ အရှည်ဆုံးဖြစ်ကာ တိုင်းအတွင်းရှိ မြို့များအား ရေလွှမ်းမိုးမှု မဖြစ်စေရန် အဓိက ကာကွယ် ပေးထားသည့် အရှည်မိုင် ၇၀ ကျော်ရှိသော ရေတားတမံကြီး ၂ ခုဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်နှင့် င၀န်မြစ်ရေလျှံခြင်း များကြောင့် ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်း၊ မြန်အောင်၊ ဇလွန်နှင့် ငါးသိုင်းချောင်းမြို့ အနီးရှိ မြစ်ရေတားတမံများ ပြည့်လျှံသည်အထိ ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် တာတမံများ ကျိုးပေါက်မှုမရှိစေရန် ဧရာဝတီတိုင်း အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

တိုင်းအစိုးရက ကယ်ဆယ်ရေး စခန်းများကို မြန်အောင်မြို့နယ်တွင် ၃၃ ခု၊ ဓနုဖြူမြို့နယ်တွင် ၂၂ ခု၊ ဟင်္သာတမြို့နယ်တွင် ၂၀ ခု၊ ဇလွန်မြို့နယ်တွင် ၁၂ ခု၊ ကြံခင်းမြို့နယ်တွင် ၈ ခု၊ အင်္ဂပူမြို့နယ်တွင် ၄ ခု၊ ရေကြည်မြို့နယ်တွင် ၂ ခု၊ မအူပင် မြို့နယ်တွင် ၁ ခုနှင့် ကန်ကြီးထောင့်မြို့နယ်တွင် ၁ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

No comments: