Friday, August 26, 2016

ဆွစ်ဘဏ်အကောင့်၊ မက်ကီယာဗယ်လီ နဲ့ မြန်မာ့ငြိမ်းချမ်းရေးသို့ လမ်းနှစ်သွယ်

ရဲထွန်း (သီပေါ)


ဆွစ်ဘဏ်အကောင့်

ယခုတလော ယခင်အစိုးရလက်ထက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center – MPC) တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး အကြီးအကဲ ၀န်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၏ ၁၂ မျက်နှာပါ သုံးသပ်ချက်ဖြစ်သည့် “ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကိုယ်တိုင်ပါဝင်ခဲ့သူများ၏ သုံးသပ်ချက်များ” တွင် သူကျင့်သုံးခဲ့သည့် “Shuttle diplomacy” လွန်းပျံ သံခင်းတမန်ခင်းဖြင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများကို မည်သို့ ဦးဆောင်ခဲ့သည်ကို သုံးသပ်ပြထားသည်။ အဆိုပါသုံးသပ်ချက်တွင် ၎င်းက ဆွစ်ဇာလန်ဘဏ်ငွေစာရင်း ဇာတ်လမ်းကို ပြောပြကာ ၎င်းလုပ်ဆောင်ခဲ့သည့် သံခင်းတမန်ခင်းကို ရှင်းပြခဲ့ပါသည်။

ဦးအောင်မင်းက “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်ချင်လျှင် ဆွစ်ဘဏ်အကောင့်တခု ဖွင့်လှစ်နိုင်ဖို့လိုတယ်” ဟု ဆိုထားခြင်းကြောင့် ဦးအောင်မင်းပြောပြသော ပုံပြင်ကို အသေအချာ မဖတ်သူများက ဟိုလိုလို သည်လိုလို ယုံထင်ကြောင်ထင် ဖြစ်ကုန်ကြပါသည်။ ဦးအောင်မင်းပြောသော ဆွစ်ဘဏ်အကောင့်ဇာတ်လမ်းမှာ ဤသို့ဖြစ်၏။

တခါက ချမ်းသာသော သူဋ္ဌေးကြီးတယောက်တွင် အလွန်လှပချောမောသော သမီးလေးတယောက်ရှိသည်။ ထိုသူဋ္ဌေးသမီးလေးကို ဆင်းရဲသားတယောက်နှင့် လက်ထပ်ပေးချင်သူ ပွဲစားတယောက်လည်း ရှိသည်။ ပွဲစားက သူဋ္ဌေးကြီးကို သမီးလေးအား ဆင်းရဲသားနှင့် ထိမ်းမြားပေးရန် ပြောသော်လည်း ကောင်လေးမှာ ဆင်းရဲသောကြောင့် သူဋ္ဌေးကြီးက သဘောမတူပေ။ ထိုအခါ ပွဲစားက ဆင်းရဲသားကောင်လေးတွင် ဆွစ်ဇာလန် ဘဏ်အကောင့်ရှိကြောင်း ပြောလိုက်သည်။ ထိုဘဏ်အကောင့် ပိုင်ဆိုင်သောသူမှာ ချမ်းသာသူဖြစ်ရမည်ဟု သေချာပေါက်တွက်လိုက်သည့် သူဋ္ဌေးကြီးက မင်္ဂလာကိစ္စကို သဘောတူလိုက်သည်။

ပွဲစားက သူဋ္ဌေးသမီးဆီသွား၍ ဆင်းရဲသားကောင်လေးနှင့် လက်ထပ်ရန် တိုက်တွန်းပြန်သည်။ သူဋ္ဌေးသမီးကလည်း ငြင်းသည်။ ထိုအခါ ပွဲစားက အဆိုပါ မင်္ဂလာပွဲကို ဖခင်ဖြစ်သူက သဘောတူပြီးဖြစ်ကြောင်း သူဋ္ဌေးသမီးအား ရှင်းပြလေရာ ဖခင်ဖြစ်သူ၏ ဆန္ဒကို မလိုက်လျောလျှင် ကြွယ်ဝသည့် အမွေများကို ဆက်ခံရမည့် အခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်ပြီး ဆင်းရဲသားကောင်လေးနှင့် လက်ထပ်ရန် သဘောတူလိုက်သည်။ ပွဲစားက ကောင်လေးဆီသွား၍ သူဋ္ဌေးကြီး၏သမီးနှင့် ထိမ်းမြားရန် တိုက်တွန်းပြန်ရာ ကောင်လေးကလည်း ၎င်းမှာ ဆင်းရဲသောကြောင့် မဖြစ်နိုင်ကြောင်း ငြင်းပြန်သည်။ ထိုအခါ ပွဲစားက သူဋ္ဌေးသမီးက လက်ထပ်ရန် သဘောတူပြီးဖြစ်ကြောင်း ရှင်းပြလိုက်သောအခါ ကောင်လေးကလည်း သဘောတူခဲ့သည်။

နောက်ဆုံးတွင် ပွဲစားက ဆွစ်ဇာလန်ဘဏ်တခုသို့သွား၍ ကောင်လေးအတွက် ဘဏ်အကောင့်တခုဖွင့်ပေးရန် တောင်းဆိုလေသည်။ ထိုအခါ ဘဏ်က မဖြစ်နိုင်ကြောင်း ငြင်းပြန်ရာ ပွဲစားက ကောင်လေးမှာ မကြာခင် ဘီလျံနာသူဋ္ဌေးကြီးတဦး၏ သားမက်ဖြစ်တော့မည်ဟု ရှင်းပြသောအခါ ဆွစ်ဇာလန်ဘဏ်က ရှေ့ရေးကို မျှော်တွေးပြီး ဆင်းရဲသားကောင်လေးအတွက် ဘဏ်အကောင့်တခု ဖွင့်ပေးရန် သဘောတူခဲ့သည်။

ဤသို့ဖြင့် ပွဲစား၏ မူလရည်မှန်းချက်ဖြစ်သော ဆင်းရဲသားကောင်လေးအား သူဋ္ဌေးကြီးသမီးနှင့် လက်ထပ်ပေးရေးမှာ အောင်မြင်ပြီးမြောက်သွားလေသည်။

ဦးအောင်မင်းက ၎င်းအနေဖြင့် အထက်ပါဇာတ်လမ်းမှ ပွဲစား၏ နေရာတွင် ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်ငြိမ်းချမ်းရေး ရည်မှန်းချက်ကို ပေါက်မြောက်စေရန် ပထမအဆင့်ဖြစ်သည့် “အန်စီအေ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း” ဆိုသည့်အဆင့်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါအဆင့်မှာ ပုံပြင်ဇာတ်လမ်းထဲမှ ဆွစ်ဇာလန်ဘဏ်အကောင့်တခု ဖွင့်နိုင်ရန် ကြိုးစားသည့်အဆင့်နှင့်တူကြောင်း ခိုင်းနှိုင်းကာ ရှင်းပြလေသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကူးချီသန်းချီ ကြားဝင် စေ့စပ်ခဲ့ခြင်းဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ချုပ်ဆိုနိုင်စေရန် ဆိုခဲ့ပါ နည်းဗျူဟာကို အသုံးပြုခဲ့ရကြောင်း ဦးအောင်မင်းက ဆိုလိုခြင်းဖြစ်ပါသည်။

ထိုသို့သော နည်းဗျူဟာ သုံးခဲ့ရကြောင်း ဖွင့်ဟဝန်ခံလိုက်သည့်အခါ အချို့ဝေဖန်ရေးသမားများက အဆိုပါနည်းလမ်းသည် မက်ကီယာဗယ်လီ (Machiavelli) ၏ “The end justifies the means.” မည်သည့်နည်းလမ်းနှင့်မဆို အနိုင်ရရန်သာ အဓိကဟူသည့် ကျော်ကြားသော အယူအဆကို စာဖတ်သူအား လက်ခံနားလည်စေခြင်းလည်းဖြစ်ပြီး တစုံတယောက်၏ ရည်မှန်းချက်များ အောင်မြင်လိုလျှင် မည်သည့်နည်းကိုမဆို သုံးရမည်ဟု ညွှန်းဆိုသည့်အဓိပ္ပာယ်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်ဘဏ်အကောင့် ဇာတ်လမ်းထဲကအတိုင်းဟုဆိုလျှင် မည်သည့်ရလဒ်ကောင်းများ ထွက်သည်ဆိုကာမူ ယင်းသည် လှည့်ဖျားမှုသာ ဖြစ်သွားသည်ဟု ပြစ်တင်ကြလေသည်။ မှန်ပါသည်။

ဆွစ်ဘဏ်အကောင့်ဖွင့်လှစ်သည့် ပုံပြင်တွင် အဆုံးသတ်ရလဒ်၏ ကောင်းမွန်သော ရလဒ်များကို မဖော်ပြနိုင်ဘဲ ဆင်းရဲသားက လှပသော သူဋ္ဌေးသမီးကို ရယူသွားရုံမျှသာ ဖြစ်သဖြင့် လှည့်ဖျားမှုတခုသာဖြစ်၍ အများက နှစ်လိုလက်ခံကြမည် မဟုတ်ချေ။

ကျနော့်အနေဖြင့် ဦးအောင်မင်းပြောသော ဆွစ်ဘဏ်အကောင့်ဖွင့်သည့် ဇာတ်လမ်းကို ဖတ်ကာ တစုံတခု လိုနေသလို ခံစားမိသည်။ အကယ်၍ ဆင်းရဲသားကလေးမှာ ဆင်းရဲသော်လည်း ပညာတတ်ပြီး လုပ်ရည်ကိုင်ရည်ပြည့်ဝကာ သူဋ္ဌေးကြီး၏ စီးပွားရေး လုပ်ငန်းများကို အရည်အချင်းပြည့်ဝစွာ ဆက်ခံလုပ်ကိုင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်းနှင့် လက်ထပ်ပြီးနောက်တွင် သာယာချမ်းမြေ့သော အိမ်ထောင်တခုကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုခဲ့ပါလျှင် အဆိုပါဇာတ်လမ်းမှာ နှစ်လိုဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ပျော်ရွှင်ဘွယ်ရာ အဆုံးသတ် ရလဒ်ကြောင့် ကြားပွဲစား၏ လှည့်ဖျားဉာဏ်များမှုကို ခွင့်လွှတ်ကာ အကောင်းမြင်နိုင်ကြပေလိမ့်မည်ဟု တွေးနေမိသည်။

ဤနေရာတွင် “The end justifies the means.” ကို ကိန်းဗရစ်ခ်ျ အဘိဓာန်က….

“said about a situation in which the final aim is so important that any way of achieving it is acceptable.” နောက်ဆုံးရည်မှန်းချက် အောင်မြင်ရန် အလွန်အရေးကြီးနေသည့် အခြေအနေတွင် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ လက်ခံနိုင်စရာဖြစ်သည်…လို့ ဖွင့်ဆိုထားပေသည်။

ရေမသောက်ရလျှင် သေရတော့မည့် လူနာအတွက် ရေကို ခိုးယူလာ၍ ဖြစ်စေ… လုယက်၍ ယူလာရသည်ဖြစ်စေ လက်ခံရလိမ့်မည်ဆိုသည့် ဖွင့်ဆိုချက်မျိုးဖြစ်သည်။ အကယ်၍ ထိုသို့ မတရားရယူလာသောရေကို သောက်ရပါသော်လည်း လူနာမှာ သေဆုံးသွားခဲ့လျှင် အဆုံးသတ် (The end) ကောင်းသည်ဟု မဆိုနိုင်သဖြင့် မတရား လုယက်ယူလာခဲ့သည့် အပေါ်တွင်လည်း လူအများ ပြစ်တင်ရှုတ်ချစရာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်လျှင် အဆုံးသတ်မကောင်းပါက ဆောင်ရွက်ခဲ့သည့်နည်းနာ (လုပ်ပုံကိုင်ပုံ) မှာ လူအများ ပိုမိုအာရုံစိုက်စရာ၊ အပြစ်ပြောစရာ ဖြစ်လာမည် ဖြစ်ပါသည်။

သို့ဖြစ်လျှင် နိုင်ငံရေးနယ်ပယ်၌ “The end justifies the means” ဆိုသည့် ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါ အဆုံးသတ်ရလဒ်မှာ ပြည်သူလူထု အကျိုးအတွက် အလွန်သိသာ ထင်ရှားစွာ ကောင်းမွန်နေဖို့ လိုပါမည်။ ထိုသို့ အများပြည်သူလူထု အကျိုးအတွက် ကောင်းမွန်သော ရလာဒ်များကို ရရှိအောင် ဖြစ်သည့်နည်းဖြင့် ဆောင်ရွက်ရာတွင် လူနည်းစု၏ ကိုယ်ကျိုးစီးပွားများ ထိခိုက်နစ်နာသွားသည်ကိုတော့ လျစ်လျူရှုရပေလိမ့်မည်။

မက်ကီယာဗယ်လီဝါဒ

နိုင်ငံရေးသမား၊ သံတမန်၊ အဘိဓမ္မာဆရာ၊ သမိုင်းဆရာနှင့် စာရေးဆရာအဖြစ် သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော အီတလီလူမျိုး နီကိုလို မက်ကီယာဗယ်လီ (Niccolò Machiavelli) (3 May 1469 – 21 June 1527) ၏ အငြင်းပွားဖွယ်ရာ နိုင်ငံရေး အယူအဆအချို့ကို အနည်းငယ် ပြောပြလိုသည်။ မက်ကီယာဗယ်လီက “The Prince” မင်းသားဆိုသောစာအုပ်တွင် မရိုးမသား လုပ်ဆောင်မှုနှင့် အပြစ်မဲ့သူများကို သတ်ဖြတ်မှုတို့ကို နိုင်ငံရေးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် ထိရောက်သော ဆောင်ရွက်ချက်များအဖြစ် ရေးသားခဲ့သည်။

ထိုစာအုပ်ကို ဖတ်ကြရသူများက “သက်ဦးဆံပိုင် အာဏာရှင်များက သူတို့၏အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်စေရန် ဆိုးဝါးစွာ နည်းပေးလမ်းပြ ထောက်ခံအားပေးထားခြင်းဖြစ်သည်။” ဟု ပြစ်တင်ခဲ့ကြသည်။ “Machiavellianism” မက်ကီယာ ဗယ်လီဝါဒ ဆိုသည့် စကားလုံးမှာ နိုင်ငံရေးအရ လှည့်ဖျားမှု၊ မရိုးမသား ကောက်ကျစ်စဉ်းလဲမှုတို့အတွက် ခိုင်းနှိုင်းသုံးနှုန်းသည့် ဝေါဟာရဖြစ်သကဲ့သို့ လက်တွေ့ကျသော နိုင်ငံရေး (Realpolitik) အယူအဆ ဟုလည်း ပြောဆိုခဲ့ကြသည်။

အခြားတဘက်တွင် သူ့ကို ချီးကျူးထောက်ခံသူများလည်း ရှိသည်။ ထိုသူများတွင် နာမည်ကျော်များဖြစ်ကြသော ဘရုခ် စပင်နိုဇာ (Baruch Spinoza)၊ ယွန်း-ယက်ခ် ရူဆိုး (Jean-Jacques Rousseau)၊ ဒဲနီး ဒီးဒရိုး (Denis Diderot) စသည့် အတွေးအခေါ် ပညာရှင်များက မက်ကီယာဗယ်လီမှာ ရီပတ်ဗလီကင် (ပြည်သူ့အာဏာပိုင်ဝါဒီ) စစ်စစ်ဖြစ်သည်ဟု ပြောဆိုပြီး (The Prince) မင်းသားစာအုပ်ကို ရေးသားစဉ်မှာပင်လျှင် ခေတ်သစ် ဒီမိုကရက်တစ် နိုင်ငံရေးအတွေးအခေါ်များကို လမ်းပြလှုံ့ဆော်မှု ပြုခဲ့သည်ဟု ငြင်းခုန်ကြလေသည်။

ဤနေရာတွင် Realpolitik (Practical Politics) လက်တွေ့ကျသောနိုင်ငံရေး ဆိုသည်ကို ရှင်းပြရန် လိုပေလိမ့်မည်။ ဤဝေါဟာရမှာ အမှန်အားဖြင့် မက်ကီယာဗယ်လီ ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ ကျော်အကြာ ၁၈၅၃ ခုနှစ်တွင် ဂျာမန်စာရေးဆရာနှင့် နိုင်ငံရေးသမား လဒ်ဝစ်ဂ် ဗွန် ရိုချော (Ludwig von Rochau) က (“Practical Politics: an Application of its Principles to the Situation of the German States”) “လက်တွေ့ကျသောနိုင်ငံရေး : ဂျာမန်ပြည်နယ်များ၏ အခြေအနေတွင် ၎င်း၏အခြေခံမူများကို အသုံးချခြင်း” တွင် အောက်ပါအတိုင်း ရှင်းပြထားလေသည်။

“နိုင်ငံတော်အား ပုံဖော်သော၊ ဆက်လက်တည်ရှိစေသော၊ ပြောင်းလဲစေသော အင်အားစုများကို လေ့လာခြင်းသည် ပြည့်စုံရှင်းလင်းသည့် နိုင်ငံရေးအမြင်အတွက် အခြေခံဖြစ်ကာ ဒြပ်ဆွဲအားနိယာမက ပထဝီရုပ်ကမ္ဘာ လောကကြီးကို မည်သို့မည်ပုံ ထိန်းချုပ်သည်ကို နားလည်ဘိသကဲ့သို့ ပါဝါအင်အားနိယာမက ကမ္ဘာ့နိုင်ငံများကို မည်သို့မည်ပုံ ထိန်းချုပ်ပုံကို နားလယ်စေနိုင်လေသည်။ ရှေးယခင်က နိုင်ငံရေးသိပ္ပံပညာမှာ ဤအမှန်တရားကို ကောင်းစွာ သတိပြုမိသော်လည်း မှားယွင်း၍ အန္တရာယ်များသော “ပိုမိုအားကြီးသူမှာ အခွင့်အာဏာရှိ” ဆိုသည့် ကောက်ချက်ကို ဆွဲခဲ့သည်။ မျက်မှောက်ခေတ်က အဆိုပါ ကျင့်ဝတ်မဲ့ ယုတ္တိမှားကို ပြင်ဆင်လိုက်ပြီ ဖြစ်သော်လည်း “ပိုမိုအားကြီးသူမှာ အခွင့်အာဏာရှိ” ဆိုသည်ကို ဖျက်သိမ်းလိုက်စဉ်မှာပင် ပိုမိုအင်အားကြီးသူ၏ တကယ့်အင်အား အစစ်အမှန်နှင့် သူ၏ မရှောင်မလွှဲသာသည့် နိုင်ငံရေးသြဇာရှိမှုကို လျစ်လျူရှုသည့် တိမ်းညွတ်မှုများ အားသန်လာခဲ့သည်။”

တနည်းအားဖြင့် လက်တွေ့ကျသော နိုင်ငံရေးဆိုသည်မှာ သိသာထင်ရှားသော သဘောတရားရေးစံနှုန်းများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များထက် မျက်မှောက်ကာလက ပေးထားသော အခြေအနေနှင့် အကြောင်းအချက်များအပေါ် အဓိကအားဖြင့် ထည့်သွင်းစဉ်းစားသည့် သံတမန်ရေး သို့မဟုတ် နိုင်ငံရေးကို ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးသို့ လမ်းနှစ်သွယ်

(က) နှုန်းစံ တန်ဖိုးများနှင့် ချဉ်းကပ်ခြင်း

ဤနေရာတွင် မြန်မာ့ငြိမ်းချမ်းရေးပြဿနာကို ချဉ်းကပ်ဖြေရှင်းပုံနှစ်မျိုးကို တင်ပြလိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ အဓိကရင်ဆိုင်နေရသည့် ပြဿနာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး ဖြစ်ပေသည်။ ဤရည်မှန်းချက်သုံးရပ်၏ ဆုံချက်မှာ ထာဝရငြိမ်းချမ်းရေးရရှိရေးဟု ပြောလျှင် လုံလောက်သည်။ ထာဝရငြိမ်းချမ်းရေး ရရှိအောင် နှုန်းစံတန်ဖိုးများဖြင့် ချဉ်းကပ်ဖြေရှင်းသည့် နည်းလမ်းကို သုံးနိုင်သလို လက်တွေ့ကျသော နိုင်ငံရေးနည်းလမ်းဖြင့်လည်း ချဉ်းကပ်ဖြေရှင်းနိုင်ကြောင်း လတ်တလော အခြေအနေများက ဖော်ပြနေသည်။ ရှင်းအောင်ဆိုပါမည်။

လာမည့် သြဂုတ်လကုန်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ နောက်ဆုံးရရှိသော သဘောတူညီချက်များကို မူတည်၍ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီစနစ် ပိုမိုပီပြင်သော ပြင်ဆင်ချက်များ ပြုလုပ်ပေးရန် (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန်၊ ထို့နောက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို သင့်တော်သည့်နည်းဖြင့် အသွင်ပြောင်းရန်၊ စသဖြင့် ဖြေရှင်းရန် ကြိုးစားသည့် နည်းလမ်းသည် ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိရေး စသည့် နှုန်းစံတန်ဖိုးများဖြင့် ပြဿနာကို ချဉ်းကပ်ကာ အားလုံး ကျေကျေလည်လည်နည်းဖြင့် ဖြေရှင်းခြင်းဟု ဆိုနိုင်ပါသည်။

ထိုသို့ ဆွေးနွေးကြရာတွင် ပထမရင်ဆိုင်ရမည့်ပြဿနာမှာ တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်မည်လား၊ အသစ်ပြန်လည်ရေးဆွဲမည်လား ဆိုသည့်ကိစ္စ ဖြစ်သည်။ တပ်မတော်က တည်ဆဲအခြေခံဥပဒေကို သင့်တော်စွာ ပြင်ဆင်ရေးကိုသာ လိုလားသည်ဟု သုံးသပ်ရသည်။ လွှတ်တော်တွင်း ဒုတိယအင်အားအများဆုံးရှိသော ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လည်း တည်ဆဲ အခြေခံဥပဒေကို ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပီပြင်အောင် သင့်တော်စွာ ပြင်ဆင်ရေးကိုသာ ပြုလုပ်လိုကြောင်း ၎င်းတို့၏ သဘောထားကို ဖော်ပြပြီးဖြစ်သည်။ အန်အယ်လ်ဒီအနေဖြင့်လည်း အသစ်ပြန်ရေးခြင်းထက် သင့်တော်စွာ ပြင်ဆင်ရေးဆိုသည့် တပ်မတော်၏ သဘောထားကို လက်ခံမည်ဟု သုံးသပ်မိပါသည်။ အကြောင်းမှာ တပ်မတော်၏ သဘောတူ ထောက်ခံချက် မရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မဖြစ်နိုင်သလို လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျှင် ကာယကံမြောက် တိုက်ခိုက်ဖြေရှင်းရသော အဖွဲ့အစည်းမှာ တပ်မတော် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် အန်အယ်လ်ဒီ၊ ယူအက်စ်ဒီပီနှင့် တပ်မတော်တို့ အကြားတွင် ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းရန် ခက်ခဲလှမည်မထင်။ သို့သော် အန်အယ်လ်ဒီနှင့် တပ်မတော်တို့အကြား သဘောတူညီချက်ကသာ လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိမည် ဖြစ်သဖြင့် အဆိုပါအင်အားနှစ်ရပ်၏ သဘောတူညီချက်က အဓိကကျပြီး ကျန်သော လွှတ်တော်တွင်း နိုင်ငံရေးပါတီများ၏ သဘောထားများက အလေးထား ထည့်သွင်းစဉ်းစားသင့်သည့် အနေအထားထက် မပိုပါချေ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်တွင်မူ အမှန်တကယ် သဘောကွဲလွဲမှုများ နှစ်ပိုင်းမက ရှိနိုင်သော်လည်း အဓိကအင်အားစုကြီးများဖြစ်သည့် ကေအိုင်အေ၊ ကေအန်ယူ၊ အက်စ်အက်စ်အေနှင့် ယူဒဗလျူအက်စ်အေတို့အကြား နှစ်ပိုင်းကွဲနေသည်ဟု ယေဘုယျအားဖြင့် သုံးသပ်မိသည်။ မိုင်ဂျာယန် ညီလာခံတွင် အဓိက အင်အားကြီးအဖွဲ့များ ဖြစ်ကြသည့် ကေအိုင်အေ၊ ကေအန်ယူနှင့် အက်စ်အက်စ်အေတို့ တက်ရောက်ခဲ့သော်လည်း အင်အားအကြီးဆုံး ယူဒဗလျူအက်စ်အေက မတက်ရောက်ခဲ့ပေ။ အကြောင်းရင်းမှာ မိုင်ဂျာယန်တွင် ဆွေးနွေးသော အခြေခံဥပဒေသစ်တွင် ဝ ပြည်နယ်ကို ထည့်သွင်းလျာထားမှု မရှိခြင်းက ၎င်းတို့၏ အစဉ်တစိုက် လိုလားချက်ကို ကေအိုင်အေနှင့် ကေအန်ယူတို့ ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့များက အသိအမှတ်မပြုဟု ယူဆသည့်အတွက်လည်း ဖြစ်နိုင်သည်။

သို့ဖြစ်၍ မိုင်ဂျာယန်တွင် ဆွေးနွေးကြသည့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဆိုသည့် အခြေခံဥပဒေသစ်အပေါ် သိပ်စိတ်မဝင်စားလှဘဲ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ပေါ်ထွန်းလာရေးကိုသာ စိတ်ဝင်စားသောကြောင့် အစိုးရနှင့် သီးသန့် လာရောက်ဆွေးနွေးခြင်း ဖြစ်နိုင်သည်။

မိုင်ဂျာယန်ညီလာခံ ကျင်းပနေချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာသော ယူဒဗလျူအက်စ်အေနှင့် မိုင်းလားအဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့်လည်းကောင်း တွေ့ဆုံပြီး ၎င်းတို့၏ သဘောထားများကို ဆွေးနွေးခဲ့ကြသည်။ ယူဒဗလျူအက်စ်အေက ဆွေးနွေးခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် မထုတ်ပြန်ခဲ့သည့်အတွက် မသိရှိရချေ။ ခန့်မှန်းကြည့်ရသည်မှာ နယ်မြေ တဆက်တစပ်တည်းအတွင်း နေထိုင်သူ လူဦးရေ ငါးသိန်းလေးသောင်းကျော်ရှိသော ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှာ ချင်းပြည်နယ် ၄၇၈ ၆၉၀ နှင့် ကယားပြည်နယ် ၂၈၆ ၇၃၈ တို့ထက် လူဦးရေ ပိုမိုများပြားပြီး စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းလည်း ဖွံ့ဖြိုးတိုးတက်မှု ရှိနေကြောင်း ပြောဆိုဆွေးနွေးကြလိမ့်မည်ဟု ခန့်မှန်းရသည်။ အထူးသဖြင့် ဝ နယ်မှာ နှစ်ပေါင်း ၄၀ ကျော် တပ်မတော်က ခြေမချနိုင်သော (ဗကပ အခေါ်အဝေါ်အားဖြင့်) လွတ်မြောက်သည့်ဒေသ ဖြစ်နေခဲ့ပြီး စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် အနေအထားဖြစ်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုလည်း ရှိပေသည်။

ယူဒဗလျူအက်စ်အေတွင် ကိုယ်ပိုင်လက်နက်ခဲယမ်းမီးကျောက် စက်ရုံများရှိပြီး အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိုစက်ရုံထွက် ခဲယမ်းမီးကျောက်များဖြင့် ထောက်ပံ့ကူညီ နေသည်ဟုလည်း သတင်းများက ဆိုပါသည်။

ထို့ကြောင့် ဝ ဒေသနှင့် မိုင်းလားဒေသများသို့ လာရောက်လည်ပတ် ကြည့်ရှုပါရန် အစိုးရခေါင်းဆောင်များကို ဖိတ်ကြားသွားခြင်းဖြင့် ၎င်းတို့ဒေသမှာ ပြည်နယ်အဆင့် ထိုက်တန်ကြောင်းကို လက်တွေ့ပြသလိုပုံ ရပေသည်။

အခြားတဘက်တွင် ကေအိုင်အေ၊ ကေအန်ယူ၊ အက်စ်အက်စ်အေ စသော လက်နက်ကိုင်အဖွဲ့ကြီးများ ပါဝင်သည့် မိုင်ဂျာယန်ညီလာခံ တက်ရောက်သူများက တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်ခြင်းထက် အသစ်ပြန်လည်ရေးဆွဲရန် စိတ်အားထက်သန်ပုံ ရလေသည်။ မိုင်ဂျာယန်ညီလာခံတွင် အကြမ်းဖျင်းဆွေးနွေးခဲ့သော ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လက်ရှိတည်ဆဲအခြေခံဥပဒေကို အစားထိုးလိုပုံရသည်။ သို့ဖြစ်လေရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်မှတ်မှာ အန်အယ်လ်ဒီအစိုးရ၊ တပ်မတော်နှင့် ယူအက်စ်ဒီပီတို့၏ ရပ်တည်မှတ်နှင့် ဝေးကွာလှသည်။ ၂၁ ရာစု ညီလာခံ ကျင်းပသည့်အခါ အဆိုပါ ရပ်တည်မှတ်နှစ်ခု တဖြည်းဖြည်း နီးကပ်လာစေရန် ကြိုးစားအားထုတ်ရမည်မှာ အန်အယ်လ်ဒီအစိုးရ၏ အဓိကတာဝန် ဖြစ်ပေသည်။ တဘက်နှင့်တဘက် ရပ်တည်မှတ်တို့ နီးနီးကပ်ကပ် ဖြစ်မလာဘဲ သဘောတူညီချက် မရခဲ့ပါက ညီလာခံ ပျက်သွားနိုင်ပေသည်။ ညီလာခံပျက်သွားပါက ငြိမ်းချမ်းရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းသည့် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။

(ခ) လက်တွေ့ကျသော နိုင်ငံရေးနည်းဖြင့် ချဉ်းကပ်ခြင်း

အထက်တွင် ဖော်ပြခဲ့သော အခြေအနေများကြောင့် မြန်မာ့ငြိမ်းချမ်းရေးကို နှုန်းစံတန်ဖိုးများဖြင့် ချဉ်းကပ်ဖြေရှင်းရန် ကြိုးစားသော ပင်လုံညီလာခံ မအောင်မမြင်ဖြစ်ခဲ့ပါက အစိုးရအနေဖြင့် လက်တွေ့ကျသော နိုင်ငံရေးနည်းလမ်းဖြင့် ချဉ်းကပ်ဖြေရှင်းရန် မလွှဲမရှောင်သာ ရွေးချယ်လာနိုင်သည်။

လက်တွေ့ကျသော နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားသည့်အခါ အင်အားစုများ၏ အကြောင်းချင်းရာနှင့် ၎င်းတို့ကိုတည်ရှိမှုကို ထိန်းကျောင်းနေသော အချက်များကို နားလည်သဘောပေါက်ရန် လိုပေသည်။

မြန်မာကဲ့သို့ ပထဝီအနေအထားနှင့် သမိုင်းကြောင်းရှိသော နိုင်ငံတနိုင်ငံတွင် အစိုးရကို ဖက်ပြိုင်တိုက်ခိုက်သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ရေရှည်တည်တံ့ရန် အောက်ပါအချက်တို့ လိုလေသည်။

(က) သက်ဆိုင်ရာနယ်မြေဒေသရှိ ကွဲပြားခြားနားသည့် တိုင်းရင်းသားလူနည်းစု ပြည်သူလူထု (လူအင်အား စုဆောင်းရန်)

(ခ) ထောက်ခံအားပေးသော အိမ်နီးချင်းနိုင်ငံတည်ရှိမှု (လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူဖြည့်တင်းရန်နှင့် ပုန်းခိုနားနေရန်)

(ဂ) စစ်ကစားရန် အခွင့်သာသော မြေအနေအထားရှိမှု (တောင်ကုန်း တောင်တန်းနှင့် သစ်တောများရှိခြင်း)

(ဃ) ရေရှည်စစ်ပွဲအတွက် အထောက်အပံ့ပေးနိုင်သော အရင်းအမြစ်များ တည်ရှိမှု (သစ်တော၊ ဓာတ်သတ္တု၊ ကျောက်မျက်ကဲ့သို့ သဘာဝ သယံဇာတများ သယ်ယူပို့ဆောင်ရာ လမ်းကြောင်းများကို ထိန်းချုပ်အခွန်ကောက်နိုင်ခြင်း)

လက်ရှိအချိန်တွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ အထက်ပါ အချက် (၄) ချက်စလုံး ပြည့်စုံစွာ ရှိသည်ဟုဆိုလျှင် မှားမည်မဟုတ်ချေ။

ဆိုခဲ့ပါ အချက် (၄) ချက်အနက် (က) အချက်ကို လုံးဝပျက်ပြယ်သွားစေရန် မတတ်နိုင်သော်လည်း သက်ဆိုင်ရာဒေသ ပြည်သူလူထုက ဗဟိုအစိုးရကို ထောက်ခံလာစေရန် သို့မဟုတ် ကြားနေလာစေရန် ဆောင်ရွက်နိုင်၏။ ဆောင်ရွက်ရန်မှာ…

– ဒီမိုကရေစီနည်းကျ ပြည်သူရွေးချယ်သော အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ပေးရေးနှင့် တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို လွတ်လပ်စွာကျင့်သုံး၊ ဖွံ့ဖြိုး၊ ထွန်းကားခွင့်ပြုရန်။

– အဆိုပါဒေသများကို လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည်တို့ တိုးတက်ကောင်းမွန်စေပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်။

– တပ်မတော်ကို “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသော စိတ်ဓာတ် မွေးမြူစေကာ တိုင်းရင်းသားပြည်သူအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ ကာကွယ်စောင့်ရှောက်သည့် တပ်မတော်အဖြစ်တည်ဆောက်ရန် (တနည်းအားဖြင့် တပ်မတော်နှင့် ပြည်သူတသားတည်း ရှိစေရန်)

(ခ) အချက်ဖြစ်သည့် ထောက်ခံအားပေးသည့် အိမ်နီးချင်းနိုင်ငံမှာ အဓိကအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆိုလိုခြင်း ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က စတင်မွှေးခဲ့သော အရှေ့မြောက်ဒေသ မီးပွားကလေးက ယနေ့ထက်တိုင် မငြိမ်းနိုင်ဘဲ ဆက်လက် လောင်ကျွမ်းနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ တည်ငြိမ်သော အခြေခံဒေသ အတည်တကျ မရှိသော လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့များအဖို့ စဉ်ဆက်မပြတ် ထောက်ပံ့ပေးမည့် အရင်းအမြစ်မရှိပါက ရပ်တည်ရန် မလွယ်ကူသဖြင့် လက်နက်ကိုင်ပဋိပက္ခတွင် ပြင်ပနိုင်ငံ၏ အရေးပါပုံကို တွက်ဆနိုင်သည်။

တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ဆက်ဆံလိုကြောင်း တရားဝင်ပြောဆိုထားပြီး မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးပြဿနာတွင် ကူညီပေးမည်ဟု ကမ်းလှမ်းထားချက် ရှိနေသည်။ မြန်မာနိုင်ငံမှ ၎င်းလိုလားသည့်ကိစ္စမှာ ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် ကားလမ်း၊ ရထားလမ်းနှင့် သင်္ဘောဆိပ်တို့ မြန်မာနိုင်ငံမှ ဖွင့်ပေးစေလိုခြင်းဖြစ်သည်။ ဒုတိယကိစ္စမှာ မြစ်ဆုံဆည်တည်ဆောက်ရေးကိစ္စဖြစ်ပြီး ဆက်လက်လုပ်ဆောင်လိုသော်လည်း အဆိုပါကိစ္စကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မည်မဟုတ်ပါဟု ဆိုထားသဖြင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်က ပို၍အရေးကြီးပုံ ပေါ်လေသည်။ တရုတ်တို့လိုလားသော အချက်များကို မိမိတို့နိုင်ငံလည်း အကျိုးရှိစေမည့် စည်းကမ်းချက်များဖြင့် စာချုပ်ချုပ် လုပ်ဆောင် ခွင့်ပေးခြင်းဖြင့် နယ်စပ်ဒေသ လက်နက်ကိုင်တပ်ဖွဲ့များကို ကူညီထောက်ပံ့မှုမပြုရန်၊ ကတိပျက်ကွက်ပါက တရုတ်ရင်းနှီးမြှုပ်နှံမှု များကို ပိတ်ပင်ပစ်ရန် စည်းကမ်းသတ်မှတ်ချက်ထားလျက် လူသိရှင်ကြား တောင်းဆိုနိုင်၏။

ထို့နည်းတူ မည်သည့်အခါမှ ခွဲထွက်မည်မဟုတ်ပါဟု ပြောဆိုကတိပေးသော ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်ရပါလျှင် အသက်သွေးချွေးမြောက်များစွာ ပေးရမည့်အပြင် နှစ်ဘက်ဆုံးရှုံးနစ်နာမှု များမည်ဖြစ်သဖြင့် ၎င်းတို့လိုလားသော ဝ ပြည်နယ်ဖွဲ့စည်းနိုင်ရေးအတွက် စုံစမ်းရေးအဖွဲ့ဖွဲ့ကာ ထိုအဖွဲ့၏ တွေ့ရှိချက်များကို အခြေခံလျက် အခြေခံဥပဒေတွင် ပြည်နယ် သတ်မှတ်နိုင်ရန် လိုအပ်သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းခြင်းဖြင့် အစိုးရ၏ လိုလားချက်ကို အပြန်အလှန်အားဖြင့် တောင်းဆိုနိုင်လေသည်။

အရှေ့တောင်ဘက်ဒေသရှိ ထိုင်းနိုင်ငံမှာမူ မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ကောင်းမွန်နေပြီး ထိုနယ်စပ်ကို အခြေခံသော ကေအန်ယူမှာ သဘောထားပြင်းထန်ပုံမရသဖြင့် သဘောထား တင်းမာသော တရုတ်နယ်စပ်မှ ကေအိုင်အေ ပြဿနာကို ဖြေရှင်းနိုင်လျှင် သိပ်ခက်ခဲလှမည် မထင်ချေ။

အထက်တွင်ဆိုခဲ့ပါအတိုင်း သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အသစ်ဖွဲ့တည်မှုများ ပြုလုပ်ရန် အစိုးရအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိရန်လိုအပ်မည်ဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံမှုရှိ-မရှိဆိုသည့်ကိစ္စမှာ နှုန်းစံတန်ဖိုးများဖြင့် ချဉ်းကပ်ဖြေရှင်းရန် ကြိုးစားသော ၂၁ ရာစုပင်လုံညီလာခံတွင် အန်အယ်လ်ဒီ အစိုးရနှင့် တပ်မတော်တို့၏ ရပ်တည်ချက်နှင့် လိုက်လျောမှုတို့က တရားမျှတကြောင်း ထင်ရှားပေါ်လွင်စေရမည်ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ချုပ်ဆိုလုပ်ကိုင်မည့် လုပ်ငန်းများက ပွင့်လင်းမြင်သာပြီး ပြည်သူတို့အတွက် အကျိုးရှိစေသည့် လုပ်ငန်းဆောင်တာများဖြစ်ကြောင်း၊ တရားမျှတမှုရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်စေရမည် ဖြစ်သည်။

နိဂုံးချုပ်အားဖြင့်ဆိုရပါလျှင် ရေရှည်တည်တံ့သော မြန်မာ့ငြိမ်းချမ်းရေး ရရှိရန်မှာ အထက်တွင် ဖော်ပြခဲ့သော နည်းလမ်းနှစ်ခုအနက် တခုမအောင်မြင်မှ နောက်တခုကို ကျင့်သုံးခြင်း ပြုနိုင်သလို ပထမနည်းလမ်းကို အသုံးပြုနေစဉ်မှာပင် လက်တွေ့နိုင်ငံရေး အင်အားချိန်ခွင်များ တည်ဆောက်ခြင်းကို တပြိုင်နက် ပေါင်းစပ်ကျင့်သုံးခြင်းက ပိုမိုထိရောက်ကာ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စေရေးအတွက် အပြန်အလှန်တွန်းအား ဖြစ်စေလိမ့်မည်ဟု ယူဆပါကြောင်း တင်ပြအပ်ပါသည်။

No comments: