Saturday, October 29, 2016

ဇီကာဗိုင်းရပ်စ်ကူးစက်ခံ နိုင်ငံခြားသူအမျိုးသမီးကို ရန်ကုန်မြို့ရှိ သူမနေထိုင်ရာ နေအိမ်တွင်သာ ဆေးကုသပေးနေ

စိုးသူအောင်

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ၄င်း၏ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ဦးမည် မဟုတ်ဘဲ ရန်ကုန်မြို့ရှိ သူမနေထိုင်ရာ နေအိမ်တွင် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန (ဗဟို) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က မဇ္စျိမသို့ ပြောသည်။

“ ဟုတ်တယ်။ နေအိမ်မှာပဲထားတယ်။ ဆေးရုံပေါ် တင်မထားဘူး။ နေအိမ်မှာဆိုတော့ ခြင်ထောင်နဲ့ ထားတာပေါ့။ မကူး အောင်လို့။ ပြန်ပို့လို့ကမရဘူး။ ၁၄ ရက်ကတော့ အနည်းဆုံးထားရဦးမယ်။ အခြေနေက ၁၄ ရက်ကျော်မှပဲ ပြန်ချင်ရင် လည်း ပြန်မပေါ့ “ ဟု ၄င်းက ပြောသည်။

အဆိုပါ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ၄င်း၏ နေအိမ်တွင်သာ နေထိုင်လိုကြောင်းပြောဆိုခဲ့ပြီး ပြင်ပနှင့် အ ဆက်သွယ်မလုပ်သောကြောင့် နေအိမ်တွင် နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဆေးရုံတွင် ထားရှိရန်စီစဉ် ထားရှိ သည် ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

အဆိုပါ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အောက်တိုဘာ ၂၀ ရက်နေ့ခန့်က စတင်ကူးစက်ခံရခြင်းဖြစ်ပြီး သူမသည် မည်သည့် နိုင်ငံမှဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ မည်သည့်နေရာတွင် နေထိုင်နေကြောင်းကို လိုက်နာရမည့် ကျင့် ၀တ်များအရ ပြောဆိုနိုင်ခြင်းမရှိသေးဘဲ တစ်ချိန်ချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ပြောရင် သူ့ရဲ့နိုင်ငံလည်း ဂုဏ်သိက္ခာရှိသေးတယ်။ နောက်တစ်ခုက သူ့အတွက်လည်း လူတွေရဲ့အာရုံစိုက်မှု ခံရမှာစိုးတဲ့အတွက် ကျွန်တော်တို့ အဲဒါကတော့ ကျင့်ဝတ်အရ ပြောလို့မရဘူး " ဟု ဆိုသည်။

ဇီကာဗိုင်းရပ်ကူးစက်ခံရသူ အမျိုးသမီးသည် မကြာသေးမှီ ကာလက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရောက်ခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်း၌လည်း ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဗဟိုကူး စက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။

“ အဲဒီ ဧရာဝတီတိုင်းအတွင်းထဲ အကုန်လုံး ခြင်နှိမ်နှင်းရေးတွေ လုပ်ထားတယ်။ လောက်လမ်းနှိမ်နှင်းရေး အကုန်လုံးပေါ့ ပညာပေးတာတွေရော ကိုယ်ဝန်ဆောင်တွေ အဓိက ဂရုစိုက်ဖို့ကိုလည်း ပညာပေးထားတယ် ။ အကုန်လုံးမှာထားတယ်။ လုပ်ထားပြီ “ ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

အဓိကအားဖြင့် ရန်ကုန်မြို့လယ်နှင့် ခြင် ၊ လောက်လမ်း နှိမ်နှင်းရေး သေခြာစွာ မလုပ်ဆောင်သည့် နေရာများတွင် အ ဖြစ်များနိုင်ပြီး အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းထိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူများကို ထပ်မံတွေ့ရှိထားခြင်း မ ရှိသေးဘဲ ထပ်မံတွေ့ရှိပါက ကုသပေးရန် သီးခြားအစီစဉ်များ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက် ရေးဌာန (ဗဟို) မှ သိရသည်။

“ ရန်ကုန်ဆို ဝေဘာဂီဆေးရုံပေါ့။ အဲဒီမှာ ခြင်လုံခန်းတွေ ဘာတွေလုပ်ထားပြီ။ ဆေးရုံတင်မယ်လေ။ မြန်မာပြည်သား ဆိုရင်တော့ ဆေးရုံတင်မယ်။ တချို့လည်း လိုရင်လည်း တင်မယ်။ မလိုရင်လည်း မတင်တော့ဘူး ။ အိမ်မှာပဲ စောင့်တဲ့ သူ ရှိမှာပေါ့ " ဒေါက်တာသန်းထွန်းအောင် ကပြောသည်။

နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် ပက်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်က နေပြည်တော်တွင်ကျင်းပခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း အတွင်းနေထိုင်သည့် အိမ်ထောင်သည်များအနေဖြင့် နောက် ၆လအတွင်း ကိုယ်ဝန်မယူကြရန်နှင့် ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ခြင်ကြား အကိုက်မခံရအောင် သတိပြုနေထိုင်ကြရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားထားသည်။

No comments: